အောင်ဘာလေသိန်းဆုဌာနခွဲက ဝန်ထမ်း ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
ပိုင်စိုး
·
August 29, 2020
အောင်ဘာလေသိန်းဆုဌာနခွဲက ဝန်ထမ်းတယောက်မှာ ကိုဗစ်-၁၉ စစ်ဆေးတွေ့ပြီးနောက်ပိုင်း ဝန်ထမ်းတချို့ကို အသွားအလာကန့်သတ်စောင့်ကြည့်ထားတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
ပိုးတွေ့ခဲ့ရသူဟာ ထီလက်မှတ်တွေထားတဲ့ ဂိုဒေါင်ဝန်ထမ်းဖြစ်ပြီး သူနဲ့ဆက်စပ်သူ အယောက် ၂၀ လောက်ကို စောင့်ကြည့်ကန့်သတ်လိုက်တာပါ။
ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “အောင်ဘာလေမှာက အထပ်တွေ အများကြီးရှိတယ်။ အောက်ဆုံးထပ်မှာ ထီလက်မှတ်တွေထားတဲ့ ဂိုဒေါင်ရှိတယ်။ အဲဒီမှာ တာဝန်ကျတဲ့ ကလေးတယောက်မှာ ပိုးတွေ့တာ။ တိုင်းကျန်းမာရေးကို အကြောင်းကြားတော့ သူတို့လာပြီး ပိုးသတ်ဆေးဖျန်းတယ်။ ဝန်ထမ်းတွေကိုလည်း အသေးစိတ် အင်တာဗျူးပြီးတော့ တချို့ကို ထားတယ်။ တချို့ကို ထားတယ်” လို့ ပြောပါတယ်။
အဲဒီဂိုဒေါင်မှာ စက်တင်ဘာလမှာ ရောင်းချမယ့် အကြိမ် ၂၀ မြောက် ကျပ် ၁၀၀၀ တန်ထီတွေလည်း ရောက်နေပေမယ့် ဘာမှစိုးရိမ်စရာမရှိဘူးလို့ သူက ပြောပါတယ်။
အောင်ဘာလေရုံးကို လော့ဒေါင်းလုပ်တယ်ဆိုပြီး လူမှုကွန်ရက်မှာ ရေးသားနေကြတာတွေလည်း မမှန်ဘူးလို့ သူက ပြောပါတယ်။
၁၉ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲကို စက်တင်ဘာ ၁ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး ကျပ်သန်းပေါင်း ၁၈၁၆၃ ကျော် ဖွင့်လှစ်မယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားပါတယ်။