ဝက်လက်မြို့တွင် Mask တပ်ဆင်ရေး လှုပ်ရှားမှု ၃ ရက်ကြာ ပြုလုပ်
DVB
·
August 29, 2020
ကိုဗစ်-၁၉ ကူးစက်မှု တိုးမြင့်လာနေတာကြောင့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ စည်ပင်သာယာဈေးအနီးတဝိုက်နဲ့ မြို့ဝင်လမ်းအချို့မှာ ဈေးသည်ဈေးဝယ်တွေနဲ့ ခရီးသွားပြည်သူတွေကို ဩဂုတ် ၂၇ ရက်နေ့ကစတင်ပြီး ၃ ရက်ကြာ Mask နဲ့ ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်တွေ ပေးဝေနေတယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ကော်မတီနဲ့ We Love Wetlet တို့ပူးပေါင်းပြီး မြို့အဝင်၊ ဈေးအဝင်နဲ့ မြို့လယ် ဆိုပြီး ၃ နေရာခွဲ ဖြန်းဝေအသိပညာပေးခဲ့တာလို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလေးက ပြောပါတယ်။
“အသိပညာပေးတာတွေကို ၃ ရက်လုပ်သွားမှာပါ။ နောက်ရက်တွေဆိုရင်တော့ မက်စ် မတပ်ပဲလာရောက်တဲ့ ဈေးဝယ်ဈေးသည်နဲ့ ခရီးသွားတွေကို ဒုတိယအဆင့်အနေနဲ့ Mask ရေင်းချပြီး တပ်ခိုင်းသွားမှာ။”
Mask တပ်ဆင်ရေး ပထမအဆင့် လှုပ်ရှားမှုအနေနဲ့ ဩဂုတ် ၂၇ စတင်ပြုလုပ်ခဲ့ပြီး ၂၇ ရက်နေ့အထိ ၃ ရက် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ဝက်လက်မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ စဖြစ်ချိန်ကစပြီး Mask ပေးဝေတာနဲ့ Mask တပ်ဆင်ပြီး သွားလာကြဖို့ အသိပညာပေးတာ ၄ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။
နိုင်ငံတဝန်းလုံးမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၅၆ ဦး ရှိလာပြီဖြစ်ပြီး ရခိုင်ပြည်နယ်မှာ သြဂုတ် ၁၆ ရက်ကနေ ဒီနေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၃၈ ယောက် တွေ့ရှိထားပါတယ်။
အောင်စံလင်း