A d v e r t i s e m e n t With Us

ရခိုင်မှ ပုသိမ်သို့ပြန်လာသူ ၁၂ ဦးကို ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေး

ရခိုင်ပြည်နယ်မှ ပုသိမ်မြို့ပြန်လာသူ ၁၂ ယောက်ကို  ပုသိမ်ဆေးရုံရှိ GeneXpert စက်နဲ့  ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲနမူနာ စစ်ဆေးနေတယ်လို့ ပုသိမ်တိုင်းဆေးရုံအုပ်ကြီးက DVB ကို ပြောပါတယ်။ ပုသိမ်တက္ကသိုလ် နန္ဒဆောင်မှာ ရခိုင်ပြည်နယ်မှာ ပြန်လာသူ ၁၂ ယောက်ကို Quarantine ထားပြီး သြဂုတ် ၂၈ ရက်နေ့မှာ ၆ ယောက်နဲ့ သြဂုတ် ၂၉ ရက်နေ့မှာ ၆ ယောက်ကို စစ်ဆေးမယ်လို့ ဆိုပါတယ်။ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က “၁၂ ယောက်က မနေ့ညက ရောက်လာတယ်။ ဒီနေ့ ၁ နာရီကစပြီး ၁၂ ယောက်ကို စစ်ပါမယ်။ ဒီနေ့အနေအထားက ၆ ယောက်ပဲ စစ်ပါမယ်။ မနက်ဖြန်ကျရင် ၆ ယောက်စစ်ဖို့ ရှိပါတယ်။ စစ်တဲ့ဟာလည်း သတင်းထုတ်ပြန်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။ ပုသိမ်ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမယ့်စက်ကို သြဂုတ် ၂၆ ရက်နေ့က တပ်ဆင်ခဲ့ပြီး၊ မြောင်းမြခရိုင်ဆေးရုံမှာ စက်တပ်ဆင်ထားတယ်လို့ သိရှိရပါတယ်။ ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ ကုသနိုင်ဖို့ ပုသိမ်ဆေးရုံမှာ ခုတင် ၂၀၊ မြောင်းမြဆေးရုံမှာ ၄ ခုတင်၊ ဟင်္သာတဆေးရုံမှာ ၆ ခုတင်၊ မအူပင်ဆေးရုံမှာ ၁၂ ခုတင်၊ ဖျာပုံဆေးရုံမှာ ၁၄ ခုတင်၊ လပွတ္တာဆေးရုံမှာ ၈ ခုတင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ သြဂုတ် ၂၂ ရက်နေ့မှစတင်ပြီး ရခိုင်ပြည်နယ်က ဧရာဝတီတိုင်းကို လာရောက်သူတွေကို Quarantine ၁၄ ရက်ထားပြီး၊ swab နှစ်ကြိမ်ယူကာ ကိုဗစ် ရှိ၊ မရှိ စစ်ဆေးသွားမယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up