မကွေးတိုင်းတွင် ရခိုင်မှပြန်လာသူ ၆၉ ဦးကို ဓာတ်ခွဲနမူနာ စစ်ဆေး

မကွေးတိုင်းမှာ ရခိုင်ပြည်နယ်ဘက်က ပြန်လည်ဝင်ရောက်လာသူ ၆၉ ဦးကို Facility Quarantine ပြုလုပ်ပြီး ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးထားတယ်လို့ တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက “မကွေးတိုင်းဒေသကြီးဟာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနှုန်း မြင့်တက်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတာဖြစ်တော့ အဲဒီပြည်နယ်က ပြန်ဝင်လာတဲ့သူတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် Facility Quarantine ၂ ပတ်ထားရှိပြီး Home Quarantine ၁ တပတ်ထားရှိတယ်” လို့ DVB ကို ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်ဘက်က ပြန်ဝင်လာတဲ့သူ ၆၉ ဦးရှိနေပြီး နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တိုရယူကာ ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးရာ ၂၅ ဦးမှာ ရောဂါပိုးမတွေ့ရှိရဘဲ့ ကျန်တဲ့ ၄၄ ဦးကတော့ ဓာတ်ခွဲအဖြေစောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။ မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ စောင့်ကြည့်/သံသယလူနာတွေကို လာမယ့်အပတ်ကစတင်ပြီး ရောဂါပိုးရှိမရှိ Gene Xpart ဓာတ်ခွဲစက်နဲ့ စစ်ဆေးပေးနိုင်တော့မယ်လို့  သိရပါတယ်။ မကွေးတိုင်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက “အဲဒီ ဓာတ်ခွဲစက်ဟာ အသည်းရောင် အသားဝါရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါနဲ့ ကိုဗစ်-၁၉ ရောဂါကို စစ်ဆေးနိုင်တဲ့စက်ဖြစ်ပြီးတော့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) က​နေ ကိုဗစ်-၁၉ ရောဂါကိုစစ်ဆေးနိုင်တဲ့ ဓာတ်ပြုပစ္စည်းတွေ ရရှိတာကြောင့် ဆေးရုံဝန်ထမ်းတွေနဲ့ စမ်းသပ်စစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။  လတ်တလောအခြေနေမှာတော့ မကွေးပြည်သူ့ဆေးရုံ၊ မကွေးသင်ကြားရေးဆေးရုံနဲ့၊ မင်းဘူးပြည်သူ့ဆေးရုံက စောင့်ကြည့်သံသယလူနာတွေကို ဦးစားပေးစစ်ဆေးမှာဖြစ်ပြီးတော့ လာမယ့်အပတ်ကစလို့ တပတ် ၂ ရက်နှုန်းနဲ့ ဓာတ်ခွဲနမူနာ ၁၂ ခု စစ်ဆေးနိုင်မယ်လို့ သိရပါတယ်။ ယခင်က ပို့ဆောင်ရေးအခက်ခဲတွေကြောင့် ရက်ခြားပြီးပို့ဆောင်ရတာဖြစ်လို့ ဓာတ်ခွဲအဖြေရရှိဖို့ ၃ ရက်လောက်ကြာမြင့်ပြီး အခုလိုစစ်ဆေးမယ်ဆိုရင် ရောဂါပိုး ရှိ၊ မရှိ နေ့ချင်းသိနိုင်မှာဖြစ်ပြီး အဖြေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။ မကွေးတိုင်းပြည်သူ့ဆေးရုံ အဏုဇီဝဌာနက အထူးကုဆရာဝန်ကြီး ဒေါက်တာမြတ်မြတ်မိုးက “ဓာတ်ခွဲစက်က တကြိမ်ကို ၃ ယောက်ပဲ စစ်ဆေးနိုင်တာဖြစ်လို့ အများအပြား မစစ်ဆေးနိုင်ပေမဲ့ ဆေးရုံတက်ရောက်နေတဲ့ သံသယလူနာတွေအတွက် ဓာတ်ခွဲအဖြေဟာ ချက်ချင်းသိနိုင်တာကြောင့် ကုသရေး ကာကွယ်ရေးလုပ်ငန်းတွေကို အမြန်ဆုံးလုပ်ဆောင်နိုင်မယ်” လို့ ပြောပါတယ်။ သတင်း-မင်းထီး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up