ကနီမြို့နယ်တွင် ၆ ဘီးယာဉ်တိမ်းမှောက်ပြီး ၈ နှစ်အရွယ်ကလေးငယ်အပါအဝင် ၄ ဦး သေဆုံး
DVB
·
August 28, 2020
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျွန်းပင်အိုင်ကျေးရွာအနီးက ကျေးရွာချင်းဆက်လမ်းမှာ ဩဂုတ် ၂၈ ရက်နေ့က ခရီးသည်တွေလိုက်ပါလာတဲ့ ကုန်တင်အမျိုးစား ၆ ဘီးယာဉ်တိမ်းမှောက်ပြီး လူ ၄ ဦးသေဆုံး သွားပါတယ်။
ယာဉ်တိမ်းမှောက်ရာမှာ ယာဉ်မောင်းဖြစ်သူကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရပြီး ယာဉ်တမ်းမှောက်မှုကြောင့် အမျိုးသား ၃ ဦး နဲ့ အမျိုးသမီး ၁ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
ကနီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းက “ ခရီးသည်တချို့လည်း ဒဏ်ရာအနည်းငယ်ရသွားတယ်။ ကားက ရွာကားဆိုတော့ ကုန်ရော ၊ လူရောတင်လာတာ။ ဝိတ်လည်း များတယ်။ အရှိန်ပြင်းပြင်းနဲ့မောင်းနှင်လာရင်း ရေနုတ်မြောင်းထဲကို ဘီးတစ်ဘီးကျပြီး မထိန်းနိုင်ပဲဖြစ်သွားတာလို့ သိရတယ်။ နောက်ပြီး ယာဉ်မောင်းဖြစ်သူကလည်း အရက်သေစာ သောက်စားထားတယ်လို့ ခရီးသည်တွေက ပြန်ပြောပြတယ်။ လောလောဆယ် ယာဉ်မောင်းဖြစ်သူကတော့ ရှောင်ပြေးနေတယ်" လို့ ပြောပါတယ်။
သေဆုံးသွားသူတွေဟာ ရေဦးမြို့နယ် သောင်ပြင်ငယ်ကျေးရွာကဖြစ်ပြီး သေဆုံးသွားသူတွေထဲမှာ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်းပါဝင်ပါတယ်။
ကားတိမ်းမှောက်လို့ လူသေဆုံးမှုနဲ့ပတ်သတ်ပြီး ယာဉ်မောင်းဖြစ်သူ ဦးကျော်ဇင်လင်းကို ကနီမြို့နယ် ဝန်မနားနယ်မြေရဲစခန်းက ဖမ်းဆီးအရေးယူဖို့ ဆောင်ရွက်နေတယ်ပါတယ်။
သတင်း- ရန်နိုင်စိုး