ကန်ကျနပူရီတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ ၃၇ ဦး ဖမ်းဆီးခံရ
DVB
·
August 28, 2020
ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာ နိုင်ငံသား ၃၇ ဦးကို ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ကန်ကျနပူရီခရိုင် ဆိုင်းယုဒ်မြို့နယ်ထဲမှာ တဘက်နိုင်ငံကနေ တရားမဝင်သူတွေ ဝင်ရောက်လာဖို့ရှိကြောင်း သတင်းရထားချက်အရ နယ်ခြားစောင့်စစ်တပ်နဲ့ နယ်မြေခံရဲတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လုံခြုံရေးစောင်းကြပ်စစ်ဆေးခဲ့ကြောင်း၊၊ ဒီကနေ့ မနက် ၃ နာရီ မိနစ် ၄၀ လောက်မှာ ဆိုင်းယုဒ်မြို့နယ် ဆီရီမုံးခွန်းကျေးရွာအုပ်စု ဖုချနိလမ်းဘက်ကနေ ဝင်ရောက်လာတဲ့ ဟိုင်းလပ်ကား ၂ စီးကို စစ်ဆေးရာက တရားမဝင် ဝင်ရောက်လာသူတွေကို ဖမ်းဆီးရမိတာလို့ ဗိုလ်မှူး အနိရုသ် ဒစ်ဆထပရချားက သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါ ကား ၂ စီးပေါ်မှာ မြန်မာနိုင်ငံသား စုစုပေါင်း ၃၅ ဦး ပြည့်ညှပ်နေအောင် လိုက်ပါလာပြီး ကားမောင်းသမား ၂ ဦးမှာလည်း မြန်မာနိုင်ငံသားဖြစ်တာကြောင့် တရားမဝင် ဝင်ရောက်သူ စုစုပေါင်း ၃၇ ဦး ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ မြန်မာနိုင်ငံ ထားဝယ်မြို့က ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းဘက်မှာ သွားရောက်အလုပ်လုပ်ဖို့ ဝင်ရောက်လာတာလို့ ဆိုပါတယ်။
သူတို့ကို ဥပဒေအရအရေးယူဖို့ ဆိုင်းယုဒ်ရဲစခန်း စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ထံ ပေးပို့ခဲ့ တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။