A d v e r t i s e m e n t With Us

ကျောက်ဖြူတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး လက်မှတ်ပါစာရွက်မပြဘဲ သွားသူများကို အရေးယူမည်

ကျောက်ဖြူမြို့မှာ Stay at Home ကာလအတွင်း လူစုလူဝေးမဖြစ်စေဖို့ တံဆိပ်တုံးထုထားတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးလက်မှတ်ပါ အထောက်အထား စာရွက်ပြနိုင်မှ သွားလာခွင့်ပေးမှာဖြစ်ပြီး မပြနိုင်သူတွေကို အရေးယူသွားမယ်လို့ သိရပါတယ်။  ကျောက်ဖြူမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးစိုးမိုးကျော်က “ကျနော်က အုပ်ချုပ်ရေးမှူးတွေကို တအိမ်ကို စာရွက် ၁ ခုပေးထားမယ်၊ အဲဒီစာရွက်မှာ တံဆိပ်တုံးထုထားမယ်၊ အုပ်ချုပ်ရေးမှူး လက်မှတ်ထိုးထားမယ်။ Stay Home ကာလ အပြင်ထွက်တဲ့လူတွေအနေနဲ့ အဲဒီစာရွက်နဲ့ထွက်ရမယ်၊ စစ်တွေမှာလုပ်သလိုပေါ့။ အပြင်ထွက်ရင် အဲဒီစာရွက်ပါမပါကို ကျနော်တို့အဖွဲ့ခွဲပြီးတော့ စစ်မယ်၊ မပါလို့ရှိရင် တရားရုံးမှာ ပုံစံ ၂၇ ဆိုပြီးတော့  ဒဏ်တပ်တဲ့ ချာလန်ရှိတယ်၊ အဲဒီဒဏ်ရိုက်တဲ့ချာလန်နဲ့ ဒဏ်ရိုက်သွားမယ်။ ကျန်းမာရေး ကိစ္စတွေနဲ့ အရေးပေါ်ဖြစ်ရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးသတင်းပို့၊ ပို့ပြီးသွားလို့ရှိရင် စလစ်ယူပေါ့၊ ၂ ယောက်စလစ်နဲ့ထွက်၊ ပြီးသွားလို့ရှိရင် သုံးဘီးပဲဖြစ်ဖြစ်ပေါ့၊ ယာဉ်မောင်း ၁ ဦးပေါ့” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်ပိုးတွေ့ရှိသူ သြဂုတ် ၁၆ ရက်နေ့ကနေ သြဂုတ် ၂၇ ရက်နေ့ထိ စုစုပေါင်း ၁၉၀ ကျော် ရှိလာပြီး ကိုဗစ်ရောဂါပိုးထိန်းချုပ်နိုင်ဖို့ သြဂုတ် ၂၆ ရက်နေ့က ရခိုင်ပြည်နယ် မြို့နယ်အားလုံးကို Stay at Home အမိန့် ထုတ်ပြန်ထားပါတယ်။ ကျောက်ဖြူမြို့ ပညာရေးကောလိပ်ခြံဝင်းရှိ Facility Quarantine စင်တာ ၃ ခုမှာ စစ်တွေမြို့က ပြန်လာသူ ၉၉ ဦးနဲ့ နိုင်ငံခြားမှပြန်လည်ဝင်ရောက်လာသူ ၉ ဦး၊ သံသယလူနာ ၂၃ ဦး စုစုပေါင်း ၁၃၁ ဦးတို့ကို အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိတယ်လို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။ နောင်နောင်

A d v e r t i s e m e n t With Us

More News
Up