ဂျပန်တွင် အခက်အခဲကြုံနေသည့် မြန်မာ ၁၅၅ ဦးကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်ခေါ်
DVB
·
August 27, 2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တားဆီးကာကွယ်ရေးအစီအမံတွေကြောင့် ဂျပန်နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၅၅ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ကယ်ဆယ်ရေးလေယာဉ်ဟာ ဒီနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ က တိုကျိုမြို့၊ နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ထွက်ခွာသွားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံကို ကာလတိုဗီဇာနဲ့ အလည်အပတ်လာရောက်ပြီး မြန်မာနိုင်ငံကို အချိန်မီ ပြန်လည်မထွက်ခွာနိုင်သူတွေ၊ ပညာတော်သင်တွေ၊ အလုပ်အကိုင်အခက်အခဲရှိသူတွေ၊ ကျန်းမာရေးအရပြန်လိုသူတွေ၊ အလုပ်သင် သင်တန်းပြီးဆုံးသူတွေ၊ မှီခိုသူမိသားစုဝင်တွေနဲ့ မြန်မာသင်္ဘောသားအပါအဝင် စုစုပေါင်း ၁၅၅ ဦး ပါရှိပါတယ်။
ဒါ့အပြင် ကယ်ဆယ်ရေးလေယာဉ်မှာ ဂျပန်အစိုးရဲ့ ODA/JICA အကူအညီနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း၊ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊ အရှေ့-အနောက် စီးပွားရေးစင်္ကြန် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ဆက်သွယ်ရေးကွန်ရက် အဆင့်မြှင့်တင်ရေးစီမံကိန်း၊ သီလဝါအထူးစီးပွားရေးဇုံစီမံကိန်းတို့မှာ တာဝန်ထမ်းဆောင်ကြမယ့် ဂျပန်ပညာရှင်/ ကျွမ်းကျင်သူတွေနဲ့ ရန်ကုန်မြို့၊ ဂျပန်သံရုံးက ဝန်ထမ်းတွေ စုစုပေါင်း ၂၈ ဦးတို့လည်း လိုက်ပါသွားကြတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ- MOFA