သရုပ်ဆောင်မင်းရာဇာအမှု တရားလို ရုံးချိန်း ၄ ကြိမ်ပျက်ကွက်
ချမ်းမြေ့မောင်
·
August 27, 2020
သရုပ်ဆောင်မင်းရာဇာကို တရားစွဲထားတဲ့ တရားလိုဘက်က ရုံးချိန်းပျက်ကွက်တာ ၄ ကြိမ်အထိရှိနေပြီဖြစ်ပြီး ရုံးချိန်းသုံးချိန်းမြောက်တရားလိုမလာရင် ဖမ်းဝရမ်းထုတ်ဆင့်လို့ရတယ်လို့ သရုပ်ဆောင်မင်းရာဇာက တရားရုံးက အထွက်မှာ ပြောဆိုလိုက်ပါတယ်။
ဩဂုတ်လ ၂၆ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှာ သရုပ်ဆောင်မင်းရာဇာအပါအဝင် ၄ဦးအမှုကို ရုံးထုတ် စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေးခဲ့ပါတယ်။
မနေ့ကရုံးချိန်ကို တရားလိုဖြစ်တဲ့ အိမ်အကူအမျိုးသမီးလေးရဲ့မိခင် ဒေါ်သင်းသင်းခိုင်ဟာ မြောက်ဥက္ကလာပမြို့နယ်တရားရုံးကို ရောက်မလာခဲ့ပဲ ရုံးချိန်းပျက်ကွက်တာ ၄ ကြိမ်ရှိပြီ ဖြစ်ပါတယ်။
နောက်အပတ် ရုံးချိန်းကိုတော့ စက်တင်ဘာ ၂ ရက်နေ့ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ ဒီအမှုမှာ တရားလိုပြသက်သေ ၁၄ ဦးတင်သွင်းထားရာမှ ၆ ဦးစစ်ဆေးပြီးဖြစ်တဲ့အတွက် စစ်ဆေးဖို့ ၈ ဦး ကျန်ရှိနေတဲ့အဆင့်ဖြစ်ပါတယ်။
သရုပ်ဆောင်မင်းရာဇာ မိသားစုက အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်တာ၊ တူနဲ့ထုတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုကာ ပုဒ်မ(၄)ခုနဲ့ ရွှေပေါက္ကံမြို့နယ်ရဲစခန်းမှာ အမျိုးသမီးလေးရဲ့ မိခင်ဖြစ်သူက အမှုဖွင့်ခဲ့တာပါ။
ဒါ့အပြင် အရှေ့ပိုင်းခရိုင်တရားရုံးမှာလည်း သရုပ်ဆောင်မင်းရာဇာကို ပုဒ်မ ၃၇၆ နဲ့စွဲဆိုထားပါသေးတယ်။