စစ်တွေရှိ ပညာရေးဝန်ထမ်းများအတွက် ကိုဗစ်ကာလ စားနပ်ရိက္ခာထောက်ပံ့ရန် စီစဉ်
ပိုင်စိုး
·
August 26, 2020
ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် Stay at Home အစီအစဉ်ချမှတ်ခံထားရတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ထဲက ပညာရေးဝန်ထမ်းတွေကို ကိုဗစ်-၁၉ ကာလထဲမှာ စားနပ်ရိက္ခာထောက်ပံ့ဖို့ အခြေခံပညာဦးစီးဌာနက စီစဉ်လိုက်ပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့တာမြန်ဆန်နေတဲ့ စစ်တွေမြို့နယ်ထဲက ပညာရေးမှူးရုံးတွေ၊ ကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေသူတွေကို ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေ သတိပြုဆောင်ရွက်ရမယ့်ကာလအတွက် စာနပ်ရိက္ခာတွေ ထောက်ပံ့မှာဖြစ်ပါတယ်။
တယောက်စီအတွက် ဆန် ၁၀ ပြည်၊ ဆီ ၁ ပိဿာ၊ ကြက်သွန်နီ ၁ ပိဿာ၊ ပဲ ၅၀ ကျပ်သားနဲ့ ဆား ၁ ပိဿာ ထောက်ပံ့နိုင်ဖို့ ကျပ် ၃၀၀၀၀ နှုန်းစီ သတ်မှတ်ထားပါတယ်။
အဲဒီဒေသက ဝန်ထမ်းဦးရေ ၂၀၀၂ ယောက်အတွက် ကျပ်သိန်း ၆၀၀ ကို ဦးစီးဌာန ရန်ပုံငွေကနေရခိုင်ပြည်နယ် ပညာရေးမှူးရုံးကို ခွဲဝေသတ်မှတ်လိုက်ပြီး ခွင့်ပြုငွေထက် ပိုမသုံးကြဖို့၊ လက်ခံရရှိတဲ့ အထောက်အထားတွေကိုလည်း ပြန်တင်ပြဖို့ ညွှန်ကြားထားပါတယ်။