A d v e r t i s e m e n t With Us

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ ရခိုင်အရေးဆွေးနွေး 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး မိုတဲဂိတိုရှိမိဆု  ဦးဆောင်တဲ့အဖွဲ့ကို ဩဂုတ် ၂၄ ရက်က နေပြည်တော်မှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး၊ ငြိမ်းချမ်းရေး၊ ကိုဗစ်-၁၉ အရေးနဲ့ ရွေးကောက်ပွဲကိစ္စတွေ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့  တပ်မတော် အနေနဲ့ တရားဥပဒေနဲ့အညီ  ဆောင်ရွက်နေပြီး တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ကာကွယ်ရေးစိတ်ဓာတ်ကိုလည်း ထိခိုက်မှုမရှိအောင် ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။  ဂျပန်နိုင်ငံခြားရေးဝန်ကြီးကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ စွဲချက်တွေနဲ့ပတ်သက်လို့ စစ်ခုံရုံးရဲ့ စုံစမ်းစစ်ဆေးမှုတွေတိုးတက်မှုရှိဖို့ မျှော်လင့်ကြောင်း၊ ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်နေပုံအဆင့်ဆင့်ကို ထုတ်ဖော်ပြောဆိုဖို့ အရေးကြီးသလို အပြစ်ပေးအရေးယူတာတွေ မြန်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်ဖို့ ပြောကြားခဲ့တယ်လို့ ဂျပန် နို်ငငံခြားရေးဌာနက သတင်းထုတ်ပါတယ်။  ဒါ့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ဖို့နဲ့  ပတ်သက်ပြီးလည်း ဂျပန်အစိုးရအနေနဲ့ ဆက်လက်ပံ့ပိုးကူညီပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အထူးကိုယ်စားလှယ် ဆာဆာကာဝါ ခေါင်းဆောင်ကူညီပေးနေတာကို  အသိအမှတ်ပြုကျေးဇူးတင်လို့  ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။  ၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုလည်း တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ  လွတ်လပ်မျှတတဲ့  ရွေးကောက်ပွဲဖြစ်ဖို့  အခိုင်အမာမျှော်လင့်ထားတယ်လို့ ဂျပန်ဝန်ကြီးက ပြောပါတယ်။    အဆိုပါတွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး အီချီရိုမာရူယာမနဲ့  စစ်သံမှူး တာကာရှိကိုမတ်ဆုအပါအဝင် တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ဩဂုတ် ၂၀ ရက်ကစပြီး ပါပူဝါနယူးဂီနီနိုင်ငံနဲ့ မဲခေါင်ဒေသက ကမ္ဘောဒီးယားနိုင်ငံနဲ့ လာအိုနိုင်ငံတို့ကိုသွားရောက်ခဲ့ပြီး မနေ့က နေပြည်တော်ကို ရောက်ရှိလာကာ ဒီကနေ့ ဩဂုတ် ၂၅ ရက်နေ့မှာ ခရီးစဉ်ကို အဆုံးသတ်ပြီး တိုကျိုမြို့ကိုပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။ မြန်မာပြည်ခရီးစဉ်အတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းတွေ့ဆုံခဲ့ပြီး  ကိုဗစ်-၁၉ ကပ်ရောဂါ အရေးနဲ့ ပတ်သက်လို့ မြန်မာကို အကူအညီပေးဖို့ ကိစ္စတွေ အပါအဝင်  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။  ဓာတ်ပုံ- DISINFO

A d v e r t i s e m e n t With Us

More News
Up