Home
မြန်မာသတင်း
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာရောက်၊ ဒေါ်လာသန်း ၄၁၀ တန်ဖိုးရှိ အကူအညီပေးမည်
DVB
·
August 24, 2020
ကိုဗစ်-၁၉ ကပ်ဘေးကာလ  စီးပွားရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် ဂျပန်နိုင်ငံက မြန်မာကို  အမေရိကန်ဒေါ်လာ သန်း ၄၁၀ တန်ဖိုးရှိတဲ့  အထောက်အပံ့တွေ ပေးအပ်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မဲခေါင်ဒေသတွင်း ၃ နိုင်ငံကို ခရီးလှည့်နေတဲ့  ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂိတိုရှိမိဆုဟာ လာအိုနိုင်ငံကနေတဆင့် မြန်မာနိုင်ငံကို ဒီကနေ့ ဩဂုတ် ၂၄ ရက်မှာ မြန်မာနိုင်ငံကို  လာရောက်ဖို့ရှိနေတာ ဖြစ်ပါတယ်။  ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး   ဂျပန်နိုင်ငံခြားရေးဝန်ကြီးက သတင်းစကားပါးရာမှာ မြန်မာနိုင်ငံကို အကူအညီပေးမယ့်အကြောင်းထည့်သွင်းပြောထားတာလို့  ဒီကနေ့ ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ အခုအချိန်အထိ အစိုးရနဲ့ ပြည်သူတွေ စည်းလုံးညီညွတ်မှုကြောင့် နိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်တဲ့အတွက် ချီးကျူးတဲ့အကြောင်း၊  တစ်ဖက်မှာ လည်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုတွေနဲ့ နိုင်ငံများအချင်းချင်း အပြန်အလှန် ကူးလူး သွားလာမှုတွေရပ်ဆိုင်းခဲ့ရတဲ့ အကျိုးဆက်တွေဟာ  ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံအပေါ်မှာလည်း အလွန်ကြီးမားစွာ ရိုက်ခတ်မှာ မလွဲဧကန် ဖြစ်ကြောင်း  ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ခုအချိန်အထိ နှစ်နိုင်ငံအကြားနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ တဆင့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် တန်ဖိုးရှိတဲ့ နည်းပညာအကူအညီတွေ၊ ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာအထောက် အပံ့တွေကို ပေးအပ်ခဲ့တဲ့အပြင် စီးပွားရေးအကျပ် အတည်းတွေကို ဖြေရှင်းဖို့  အမေရိကန်ဒေါ်လာ သန်း ၄၁၀ တန်ဖိုးခန့်ရှိ အထောက်အပံ့တွေ ပေးအပ်သွားမယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံက အလုပ်သင်အလုပ်သမားနဲ့ ပညာတော်သင်ကျောင်းသား အများအပြား ဂျပန်နိုင်ငံသို့သွားရောက်ဖို့ စောင့်ဆိုင်းနေတဲ့ကိစ္စနဲ့ပတ်သက်လို့လည်း ကိုဗစ်-၁၉ ရောဂါ ထပ်မံ ကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်နိုင်ပြီး နှစ်နိုင်ငံ စလုံးအတွက် အဆင်ပြေမယ့်ပုံစံမျိုးနဲ့ အသွားအလာတွေပြန်လည် ဖွင့်လှစ်နိုင်ရေး နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်း ဆက်လက် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။  ၂၀၂၀ ရွေးကောက်ပွဲအတွက်လည်း ဂျပန်နိုင်ငံက ဂျပန်နိုင်ငံအစိုးရရဲ့ အထူးကိုယ်စားလှယ် ဆာဆာကာဝါယိုဟီ ဦးဆောင်တဲ့ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ကို စေလွှတ်ပြီး မဲရုံတွေမှာ တစ်ကြိမ်ထက်ပို မဲပေးခြင်းမှ ကာကွယ်နိုင်ရန်ဖို့ အလွယ်တကူ ဖျက်ပစ်လို့မရတဲ့ မင်ရည်တွေ ထောက်ပံ့ကူညီသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ  ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းမှာ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို အပြောင်းအလဲမရှိဘဲ ထိန်းသိမ်းလာခဲ့ကြပြီး အထူးသဖြင့် စစ်ကြီးပြီးခါစ စားနပ်ရိက္ခာ အကျပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရတဲ့ကာလမှာ မြန်မာနိုင်ငံမှ ဆန် အမြောက်အမြားကို ပေးပို့ခဲ့တဲ့ ကျေးဇူးတရားကို ဘယ်အခါမှ မေ့ပျောက်နိုင်မှာမဟုတ်ဘူးလို့လည်း မစ္စတာ မိုတဲဂိတိုရှိမိဆုက ပြောပါတယ်။  မစ္စတာ မိုတဲဂိတိုရှိမိဆုဟာ  မြန်မာနိုင်ငံကို အရ်က သုံးကြိမ်တိုင်တိုင် လာရောက်လည်ပတ်ခဲ့ဖူးပြီး နိုင်ငံခြားရေးဝန်ကြီးအနေနဲ့တော့ မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် အလည်အပတ်လာ ရောက်တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ဩဂုတ် ၂၀ ရက်ကစပြီး ပါပူဝါနယူးဂီနီနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ လာအိုနိုင်ငံတို့ကိုသွားရောက်ခဲ့ပြီး ဒီကနေ့ နေပြည်တော်ကို ရောက်ရှိလာကာ မနက်ဖန် ဩဂုတ် ၂၅ ရက်နေ့မှာ ခရီးစဉ်ကို အဆုံးသတ်ပြီး တိုကျိုမြို့ကိုပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။  ဓာတ်ပုံ- MOFA JAPAN
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024