ဘိုင်ယန်ကိုရှုံးနိမ့်ခဲ့၍ ပဲရစ်တွင် ပီအက်စ်ဂျီပရိသတ်များ အကြီးအကျယ်ပေါက်ကွဲ

တနင်္ဂနွေနေ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပီအက်စ်ဂျီ ပရိသတ်တွေဟာ ပဲရစ်မြို့ရဲ့ နာမည်ကျော် Champs-Elysees အနီးမှာ ကားတွေကိုမီးရှို့တာ၊ မှောက်ပစ်တာ အပါအဝင် ဆူပူမှုတွေ ပြုလုပ်ခဲ့ပါတယ်။  ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တာပါ။ ဒီပွဲကို ပီအက်စ်ဂျီပရိသတ်  ထောင်ပေါင်းများစွာက အထင်ကရ ဧရိယာအနီးမှာစုဝေးကြည့်ရှုခဲ့ကြပါတယ်။  အရှုံးရလဒ်ကြောင့် ပေါက်ကွဲခဲ့ကြတာဖြစ်ပြီး ဆူပူမှုတွေဖြစ်ပွားနေတာကို Getty Images ရဲ့ဓာတ်ပုံသမားတွေက ရိုက်ကူးမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ မီးလောင်နေတဲ့ ကားတစ်စီးကို မီးသတ်သမားတွေက ငြိမ်းသတ်နေတာနဲ့ လမ်းမပေါ်မှာ ကားတစီးဘေးတိုက် မှောက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။  Champs-Elysees မှာ မီးကျည်တွေပစ်လွှတ်ခဲ့ပြီး ထောင်ပေါင်းများစွာစုဝေးနေတဲ့ ပီအက်စ်  ဂျီ ပရိသတ်တွေက အမှိုက်ပုံးတွေကိုလည်း မီးရှို့ခဲ့ကြပါတယ်။  ပြင်သစ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု အန္တရာယ်နဲ့ရင်ဆိုင်နေရဆဲဖြစ်ပေမယ့် Champs-Elysees နဲ့ အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ Parc des Princes နှစ်ခုစလုံးမှာ ပရိသတ်တွေကြောင့် လူစုလူဝေးတွေဖြစ်ပေါ်ခဲ့ရပါတယ်။  ပဲရစ်မြို့ဟာ ကိုဗစ်-၁၉ ရောဂါအတွက် အနီရောင်အဆင့်သတ်မှတ်ခံထားရတဲ့နေရာလည်း ဖြစ်ပါတယ်။  ဥရောပအင်အားကြီး ၂ သင်းရဲ့အားပြိုင်မှုဖြစ်တာကြောင့် အခုနှစ်ဗိုလ်လုပွဲဟာ တော်တော်လေး စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။  ဒီပွဲမှာ အနိုင်ဂိုးကို ပီအက်စ်ဂျီ အကယ်ဒမီထွက်ကစားသမားတဦးဖြစ်သူ ကိုးမန်းက ကင်းမစ်ချ်ရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။  ပွဲရလဒ်ကို စိတ်ပျက်မိပေမယ့် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားခဲ့တဲ့ ကစားသမားတွေအတွက်တော့ ဂုဏ်ယူမိတယ်လို့  ပီအက်စ်ဂျီအသင်းနည်းပြက တူချယ်က ပြောပါတယ်။  “ဒါဟာ တကယ်ကိုပြင်းထန်တဲ့ ပြိုင်ဆိုင်မှုဖြစ်ခဲ့ပါတယ်။ ကျနော်တို့မှာ ရှိသမျှစွမ်းရည်တွေကို အကုန်လုံးအသုံးပြုပြီး ကျနော်တို့ရဲ့ အသည်းနှလုံးတွေကိုလည်း ကွင်းထဲ မှာ ချန်ရစ်ခဲ့ရပါတယ်။ ကျနော်တို့ရ‌လဒ်ကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ကျနော်တို့ ၂ သင်းကြားမှာ ဂိုး ၁ ဂိုးတည်းက အဆုံးအဖြတ်ပေးသွားခဲ့တာပါ။ ကျနော့် ကစားသမားတွေရဲ့ ကစားပုံနဲ့ စိတ်ပိုင်းဖြတ်မှုအတွက်ဂုဏ်ယူမိပါတယ်။ ဒါဟာနည်းပြတစ်ယောက်အနေနဲ့ ကစားသမားတွေဆီက တောင်းဆိုလို့ရသမျှ အကုန်ပါပဲ။” ဒီပွဲရလဒ်ကြောင့် နေမာအပါအဝင် ပီအက်စ်ဂျီကစားသမားတွေဟာ အကြီးအကျယ် စိတ်ထိခိုက်ခဲ့ရကို တွေ့ခဲ့ရပေမယ့် လာမယ့် စနေနေ့မှာ လီဂူးပွဲစဉ်တွေ ပြန်လည်စတင်တော့မှာကြောင့် ပီအက်စ်ဂျီအသင်းသားတွေဟာ သူတို့ရဲ့စိတ်ဝေဒနာကိုဖြေလျော့ဖို့ ၆ ရက်သာ အချိန်ရှိတော့မှာပဲဖြစ်ပါတယ်။။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up