ဆီးရီးယားအစိုးရတပ် ဓာတုလက်နက်သုံးဟု အမေရိကန်စွပ်စွဲ

ဆီးရီးယား အစိုးရတပ်တွေဟာ သူပုန်တွေကို နှိမ်နင်းရာမှာ ဓာတုလက်နက်တွေ အသုံးပြုနေတယ်လို့ အမေရိကန်ပြည်ထောင်စုက စွပ်စွဲလိုက်ပါတယ်။ အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေး ဘန်ရိုဒက်စ်က အမေရိကန်ထောက်လှမ်းရေး အကဲဖြတ်ချက်အရ အာဆတ်အစိုးရဟာ ပြီးခဲ့တဲ့နှစ်က အတိုက်အခံတွေကို နှိမ်နင်းရာမှာ ဆာရင်ဓာတုပစ္စည်းအပါအ၀င် ဓာတုလက်နက်တွေ အကြိမ်ကြိမ်သုံးခဲ့တယ်လို့ ပြောပါတယ်။ ဒီလက်နက်တွေကြောင့် ဆီးရီးယားမှာ လူ ၁၀၀ ကနေ  လူ ၁၅၀ လောက် သေဆုံးသွားခဲ့ရတယ်လို့ အမေရိကန်ထောက်လှမ်းရေးက ခန့်မှန်းတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။ ဒီစွပ်စွဲချက်ထွက်လာပြီး နောက်မှာ   ဆီးရီးယားသမ္မတ အာဆတ်ဒ်ကို တိုက်နေတဲ့ သူပုန်တွေကို အမေရိကန်က ပထမဆုံးအကြိမ် တိုက်ရိုက်  စစ်ရေးအရ ထောက်ပံ့ကူညီပေးဖို့ ရှိနေပါတယ်။  အမေရိကန်အစိုးရအနေနဲ့ ဆီးရီးယားနိုင်ငံအပေါ် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ဖို့တော့ မဆုံးဖြတ်ရသေးဘူးလို့လည်း ဆိုပါတယ်။

More News
Up