ရေးမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် အနိမ့်ပိုင်း လူနေအိမ်အချို့ ရွှေ့ပြောင်း

မွန်ပြည်နယ် ရေးမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံတာကြောင့် အနိမ့်ပိုင်း ရပ်ကွက်တွေက အိမ်ထောင်စုအချို့ ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။ မိုးအဆက်မပြတ်ရွာပြီး ရေးချောင်းဖျားဒေသ တောင်ကျရေတွေ တဖြည်းဖြည်းနဲ့ ဆင်းလာတာကြောင့် ရေကြီးရေလျှံမှုဖြစ်လာပြီး နေအိမ်အချို့ ရွှေ့ပြောင်းခဲ့ရတာပါ။ မြို့ပေါ်ရပ်ကွက်အချို့မှာလည်း ရေစတင်ဝင်ရောက်နေပြီး အနိမ့်ပိုင်းရပ်ကွက်နေသူတွေကို တာဝန်ရှိသူတွေက လိုက်လံသတိပေးနေတယ်လို့ သိရပါတယ်။ ရေးမြို့နယ် ကျောင်းရွာဘက်မှာ ရေက ၇ ပေမြင့်တက်လာတာကြောင့် အနိမ့်ပိုင်း အိမ်တွေ ရွှေ့ပြောင်းနေကြဖို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ မနေ့ညက ရေးမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တချို့ လူနေအိမ်တွေအထိ ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ အနိမ့်ပိုင်း နေအိမ် ၁၀ လုံးလောက်က အိမ်ထောင်စုတွေကို ရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။ မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံနဲ့ သံဖြူဇရပ်တို့မှာလည်း ရေကြီးနေပြီး အိမ်ထောင်စုတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။

//
More News
Up