Home
ဆောင်းပါး
မြန်မာပြည် စန်းထချိန်
နေသွင်
·
June 14, 2013
မြန်မာပြည်အပေါ် စိတ်ဝင်စားမှုတွေက အလွန်ကို များနေပါတယ်၊ မေလထဲမှာ သမ္မတ ဦးသိန်းစိန်က  အမေရိကန်သမ္မတရဲ့ အိမ်ဖြူတော်ကို အလည်အပတ်ရောက်သွားပါတယ်။ နှစ်ပေါင်း ၅၀ နီးပါးအတွင်းမှာ ပထမဆုံး အိမ်ဖြူတော်ကို ရောက်တဲ့ မြန်မာသမ္မတပါပဲ။ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းအစ၊ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း အလယ်၊ ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးအဆုံး မြန်မာပြည်ကို သွားနေလိုက်တဲ့ ခေါင်းဆောင်တွေလည်း တဖွဲဖွဲ။ မြန်မာပြည်မှာ သံရုံးမရှိတဲ့ နိုင်ငံခြားအစိုးရတွေကလည်း သံရုံးတွေ ဖွင့်နေလိုက်ကြတာ အလုအယက်။ တကမ္ဘာလုံးက နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရ၀န်ကြီးဟောင်းတွေကလည်း မြန်မာအစိုးရရဲ့ရည်မှန်းချက်တွေနဲ့ ဆောင်ရွက်ချက်တွေ တိုးတက်အောာင် ကူညီမယ်ဆိုမယ်ပြီး သွားလိုက်ကြတာ တပြုံတမ။  လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအတွက် လိုအပ်တဲ့ အကူအညီ ကိစ္စတွေကနေ အစိုးရ စွမ်းဆောင်ရည်မြှင့်တင်ရေးအထိ ကဏ္ဍကလည်း အစုံပါပဲ၊ ရင်းနှီးမြှုပ်နှံသူတွေကလည်း မြန်မာပြည်မှာ အခွင့်အလမ်းတွေကို ရှာနေလိုက်ကြတာ အူယားဖားယား။ [caption id="attachment_40611" align="alignright" width="234" caption="www.project-syndicate.org"][/caption] ဒီလို ဖြစ်ပျက်နေတာတွေကို အံ့ဩစရာလို့တော့ မဆိုနိုင်ပါဘူး။ ကမ္ဘာ့စီးပွားရေးအရနဲ့ နှစ်ပေါင်းများစွာ အဆက်ပြတ်၊ စီးပွားရေးတိုးတက်မှု ပြားပြားဝပ်ခဲ့တဲ့ မြန်မာပြည်ဟာ အာရှမှာ နောက်ဆုံး ဈေးကွက်ကြီးတခု ဖြစ်နေတာ အမှန်ပါပဲ။ အခုလို တိုင်းပြည်က တံခါး ဖွင့်လိုက်တဲ့အချိန်မှာ ရင်းနှီးမြှုပ်နှံသူတွေကလည်း ရေရည်အကျိုးအမြတ်ရနိုင်မယ့် လုပ်ငန်းတွေ ထူထောင်နိုင်ဖို့ မျှော်လင့်နေကြတာ မဆန်းပါဘူး။ ဒါပေမယ့် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ရင် ရေရှည်မှာ မှန်းချက်နဲ့ နှမ်းထွက် ကိုက်ပါ့မလားလို့ မေးစရာ ပေါ်နိုင်ပါတယ်။ မသေချာမှုတွေ၊ စွန်းစားရမှာတွေက ကြီးမားတာ အမှန်ပါပဲ။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဆိုတာက မရေမရာမို့လို့ ရင်းနှီးမြှုပ်နှံသူတွေအတွက် စိုးရိမ်ထိုက်ပါတယ်။ တိုင်းရင်းသားအုပ်စုတွေနဲ့ အစိုးရတို့ကြားမှာ အထိမခံကြွေပန်းကန်ဖြစ်နေတဲ့ မရေမရာ ငြိမ်းချမ်းရေး၊ ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ဥပဒေတွေ ဘယ်လို ဖြစ်လာနိုင်မလဲ စသဖြင့်။ ဒါတင်မက မြန်မာပြည်မှာ ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေကလည်း နတ္ထိဖြစ်နေတယ်ဆိုတော့ စီးပွားရေးအရ ကြိုတင်တွက်ချက်ဖို့ မလွယ်ပါဘူး။ ဥပမာ တိုင်းပြည်လူဦးရေနဲ့ စီးပွားရေးတိုးတက်မှု နောက်ခံအချက်အလက်တွေက မရေမရာပါပဲ။ မက်ကင်ဆေး ဂလိုဘယ် အင်စတီကျူ (McKinsey Global Institute) (MGI) ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားတဲ့အတိုင်း မြန်မာပြည်ဟာ အံ့ဩသင့်စရာ နောက်ကျတဲ့ ဘ၀ကနေ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်ကို စတင် ခြေချနေပြီဆိုတာကတော့ သံသယဖြစ်စရာ မလိုပါဘူး။ တကယ်တမ်းမှာလည်း နှစ်ဆယ်ရာစုအတွင်းမှာ ကမ္ဘာကြီးရဲ့ တခြားဒေသတွေမှာ စီးပွားရေးအကြီးအကျယ် တိုးတက်ခဲ့ပေမယ့် မြန်မာပြည်ကတော့ ကမ္ဘာကြီးနဲ့ အဆက်ပြတ်ခဲ့တယ်လို့တောင် ပြောနိုင်ပါတယ်။ အတိအကျ ပြောရရင် ကမ္ဘာ့မှာ တဦးချင်း ဂျီဒီပီ ၄ ဆအထိ တိုးသွားခဲ့ပေမယ့် မြန်မာပြည်ကတော့ မတုန်မလှုပ် ကျောက်ရုပ်လို့ ရပ်နေခဲ့တာပါ။ မြန်မာပြည်ရဲ့ ထုတ်လုပ်မှုကလည်း ပြားပြားကပ်ကပ်။ ၂၀၁၀ ကမ္ဘာ့စီးပွားရေးမှာ မြန်မာအလုပ်သမား တယောက်ရဲ့ ထည့်ဝင်တဲ့ပမာဏက အမေရိကန်ဒေါ်လာ ၁၅၀၀ ပဲရှိပါတယ်။ အာရှက မြန်မာနဲ့ အဆင့်တူ  ၈ နိုင်ငံက အလုပ်သမားတွေနဲ့ နှိုင်းယှဉ်ရင် ၃၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ မြန်မာတနိုင်ငံလုံးရဲ့ ဂျီဒီပီဟာ အာရှဒေသတခုလုံး ဂျီဒီပီရဲ့ ၀ ဒဿမ ၂ ရာခိုင်နှုန်းပဲ ရှိတာမို့ ဒေလီမြို့တမြို့စာ၊ ဘရစ္စတို မြို့တမြို့စာ၊  ဆေးဗယ် မြို့တမြို့စာ ဂျီဒီပီ လောက်နဲ့ပဲ ညီမျှပါတယ်။ ဒါကြောင့် မြန်မာပြည်အနေနဲ့ ထုတ်လုပ်မှုနှုန်းကို ခုန်ပျံကျော်လွှားနိုင်မှ တော်ကာ ကျပါလိမ့်မယ်။ လက်ရှိ လူဦးရေနဲ့ ထုတ်လုပ်မှုသမိုင်းကြောင်းအရ ဆိုရင် မြန်မာပြည်ရဲ့ဂျီဒီပီဟာ နှစ်စဉ် ၄ ရာခိုင်နှုန်းအောက်မှာ တ၀ဲလည်လည် ရှိနေနိုင်ပါတယ်။ ဆိုလိုတာက  မှန်းထားနေကြတာနဲ့ အများကြီး နိမ့်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိ လုပ်သားတွေရဲ့ နှစ်စဉ် ထုတ်လုပ်မှု တိုးတက်မှုနှုန်း ၂ ဒဿမ ၇ ကို ၇ ရာခိုင်နှုန်းအထိ တွန်းတင်နိုင်ရင်တော့ ဂျီဒီပီက နှစ်စဉ် ၈ ရာခိုင်နှုန်းအထိ ထိုးတက်သွားနိုင်ပါတယ်။  ထုတ်လုပ်မှုတိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်း ဆိုတာက တရုတ်နဲ့ အိန္ဒိယတို့ရဲ့နှုန်းပါ၊ ဒီလို ဖြစ်လာရင်တော့ မြန်မာ့စီးပွားရေးဟာ ၂၀၃၀ ကျရင် ၄ ဆအထိ ကြီးထွားသွားနိုင်ပါတယ်။ နှစ်စဉ် ထုတ်လုပ်မှုတန်ဖိုးကလည်း ၂၀၁၀ မှာ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံပဲ ရှိရာကနေ ၂၀၀ ဘီလီယံကျော်ကို ရောက်သွားနိုင်ပါတယ်။ ဒီလောက် စိတ်ကူးယဉ်စရာ အောင်မြင်မှုတွေ တကယ်ဖြစ်လာဖို့ဆိုရင် လက်တွေ့မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်း လိုအပ်ပါတယ်၊ အမ်ဂျီအိုင်သုတေသနရဲ့ ခန့်မှန်းချက်အရ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၇၀ ဘီလီယံ လိုအပ်သလို၊ နည်းပညာနဲ့ ကျွမ်းကျင်မှုတွေကို အရင်းအနှီးတွေနဲ့ အတူ တပါတည်းသွင်းပေးမှ ဖြစ်နိုင်ပါလိမ့်မယ်။ အခုကနေ ၂၀၃၀ ကာလအထိ ဆိုပါတော့။ အခုအချိန်အထိကတော့ မြန်မာပြည်မှာ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံသမျှ၊ စွမ်းအင်နဲ့ မြေအောက်ဓာတ်သတ္တုတွေ ထုတ်ယူရေးမှာပဲ ပုံအောထားကြတာပါ။ ဒါလည်း အံ့ဩစရာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ရေနံနဲ့ ဓာတ်ငွေ့သိုက်တွေ ပေါကြွယ်ဝပါတယ်။ ကမ္ဘာ့ကျောက်စိမ်း ဈေးကွက်ထဲက ကျောက်စိမ်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ မြန်မာပြည်က ဖြစ်သလို၊ မြန်မာပြည်ဟာ ပတ္တမြားနဲ့ နီလာတွင်းတွေ အမြောက်အမြား ရှိတဲ့နိုင်ငံပါ။ ဒါပေမယ့် မြန်မာပြည်အနေနဲ့ စွမ်းအင်နဲ့ မြေအောက်ဓာတ်သတ္တုကဏ္ဍတွေကိုပဲ မှီခိုနေလို့ မဖြစ်ပါဘူး။ တခြားကဏ္ဍမှာ အညီအမျှ ဖွံ့ဖြိုးလာမှသာ အပြင်ကနေ ၀င်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေ အတွက်လည်း တခြားရွေးချယ်စရာတွေ ရှိလာနိုင်မှာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့စွမ်းအင်နဲ့ ဓာတ်သတ္တုကဏ္ဍ၊ စိုက်ပျိုးရေး၊ ထုတ်လုပ်မှု၊ ခရီးသွားလုပ်ငန်းနဲ့ အခြေခံအဆောက်အအုံကဏ္ဍတွေဟာ မြန်မာ့စီးပွားရေးတိုးတက်မှုမှာ ၉၀ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်သလို၊ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်။ ဒီကဏ္ဍတွေထဲကမှ ထုတ်လုပ်မှုကဏ္ဍမှာ မြန်မာပြည်အတွက် အခွင့်အလမ်းကောင်းတခု ရှိပါတယ်။ လောလောဆယ်မှာ တရုတ်ပြည်နဲ့ တခြားအာဆီယံနိုင်ငံတွေမှာ လုပ်အားခတွေ တိုးတောင်းနေကြတာကြောင့် တချို့ကုမ္ပဏီတွေ ပြောင်းပြေးချင်နေကြတဲ့ ကိစ္စပါပဲ။ အမ်ဂျီအိုင်ရဲ့ အစီရင်ခံစာအရ ၂၀၃၀ ကျရင် မြန်မာပြည်ရဲ့ထုတ်လုပ်မှုကဏ္ဍဟာ လုပ်သားအင်အား ၇ ဒဿမ ၆ သန်းအတွက် အလုပ်အကိုင်တွေကို ဖန်တီးပေးနိုင်ပြီး ဂျီဒီပီထဲမှာ အမေရိကန် ဒေါ်လာ ၇၀ ဘီလီယံကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။ ထုတ်လုပ်မှုကဏ္ဍဟာ စိုက်ပျိုးရေးကဏ္ဍထက် ၃ ဆလောက် ကြီးထွားနိုင်တယ်ဆိုတဲ့ သဘောပါ။ အခုအထိတော့ စိုက်ပျိုးရေးကဏ္ဍကပဲ မြန်မာ့စီးပွားရေးမှာ အကြီးဆုံး ကဏ္ဍဖြစ်နေတုန်းပါပဲ။ အကယ်၍ အမ်ဂျီအိုင်က ခန့်မှန်းထားတဲ့အတိုင်း စီးပွားရေးဖွံ့ဖြိုးမှုနဲ့ အလုပ်အကိုင်တွေကို ဖန်တီးပေးနိုင်ရင် ပြည်သူတွေကြားထဲမှာလည်း ၀င်ငွေတိုးလာပြီး ငွေဖြုန်းနိုင်တဲ့အားတွေ တက်လာနိုင်ပါတယ်။ လက်ရှိ မြန်မာပြည်မှာ ငွေဖြုန်းနိုင်အားရှိတဲ့ လူဦးရေက ၂ သန်းခွဲပဲ ရှိရာကနေ  ၂၀၃၀ ကျရင် ၁၉ သန်းအထိ ရှိလာမယ့် သဘော ဖြစ်ပါတယ်။ စားသုံးသူတွေရဲ့ ဖြုန်းနိုင်တဲ့ တန်ဖိုး ၃ ဆတိုးပြီး အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံအထိ ရှိလာနိုင်ပါလိမ့်မယ်။ ဒီလိုဆိုရင် ကုမ္ပဏီတွေ အတွက်လည်း ဈေးကွက်ကို ချဲ့နိုင်ပြီး ဆိုင်ကယ်ဈေးကွက်၊ ကားဈေးကွက်၊ အီလက်ထရောနစ်ပစ္စည်း ဈေးကွက်နဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုစသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာပါလိမ့်မယ်။ စီးပွားရေလုပ်ငန်းတွေအတွက်လည်း အခွင့်အလမ်းတွေ ရှိပါတယ်။ အိုးအိမ်ကဏ္ဍ၊ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံကဏ္ဍတွေမှာ အခွင့်အလမ်းတွေ ရှိပါတယ်။ အကြမ်းအားဖြင့် မြန်မာ့စီးပွားရေးဟာ ဒီလို အခြေခံ အဆောက်အအုံပိုင်းမှာ အရင်းအနှီး အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံ လိုအပ်ပါတယ်။ ဒီထဲက တ၀က်လောက်ကတော့ မြို့ပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ လိုပါလိမ့်မယ်။ စိုက်ပျိုးရေးကဏ္ဍကနေ ရုန်းထွက်လာမယ့် လူဦးရေနဲ့ ခန့်မှန်းတွက်ချက်တာပါ။ လောလောဆယ် မြန်မာပြည်မှာ လူဦးရေရဲ့ ၁၃ ရာခိုင်နှုန်းပဲ မြို့နေလူဦးရေ ဖြစ်ပါတယ်။ ၂၀၃၀ ကျရင် မြို့နေလူဦးရေက ၂၅ ရာခိုင်နှုန်းအထိ တိုးလာနိုင်ပါတယ်။ အတိအကျဆိုရရင် လူ ၁၀ သန်းလောက် မြို့ပေါ်ကို တက်လာပါလိမ့်မယ်။ အကယ်၍  ဒစ်ဂျစ်တယ်နည်းပညာကို အပြည့်အ၀အသုံးချပြီး မြန်မာ့ဖွံ့ဖြိုးရေးကို ခုန်တက် သွားစေချင်တယ်ဆိုရင် တယ်လီကွန်မြူနီကေးရှင်းကဏ္ဍမှာလည်း အမေရိကန် ဒေါ်လာ ၅၀ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာဆိုတဲ့အထဲမှာ mobile banking  စနစ်၊ e-commerce  စနစ်တွေကို အသုံးချနိုင်မယ်ဆိုရင် နေရာတကာ ဘဏ်တွေကို ဆောက်နေစရာ၊ ဆိုင်ခန်းတွေကို လိုက်ဖွင့်နေစရာ မလိုအပ်တော့ပါဘူး။ ကျန်းမာရေးနဲ့ ပညာရေးဝန်ဆောင်မှုတွေကိုလည်း ကျေးလက်တွေအထိ ခြေဆန့်နိုင်ပါလိမ့်မယ်။  လောလောဆယ်မှာတော့ မြန်မာပြည်ဟာ ကမ္ဘာဘဏ် ဖွံ့ဖြိုးရေးစစ်တမ်းထဲမှာ ပါတဲ့ နိုင်ငံတွေထဲမှာ လူဦးရေအချိုးအရ အင်တာနက် ပျံ့နှံ့မှု ဒုတိယအနိမ့်ဆုံးနိုင်ငံ၊ တယ်လီဖုန်း အသုံးပြုသူဦးရေ အနိမ့်ဆုံးနိုင်ငံ ဖြစ်နေတုန်းပါပဲ။ မြန်မာစီးပွားရေးဖွံ့ဖြိုးရေးကို  စိန်ခေါ်နေတဲ့ အခက်အခဲတွေက နေရာတကာမှာ ရှိနေပါတယ်။ ဒါကိုပဲ ကုမ္ပဏီတွေ၊ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ကြိုက်တဲ့ ကဏ္ဍကို ၀င်နိုင်တယ်လို့ အခွင့်အလမ်းအဖြစ် သဘောထားနိုင်ပါတယ်။  သတိရှိနေတာကတော့ ကောင်းပါတယ်။ တချိန်တည်းမှာ အမြတ်အစွန်းများမယ့် ဈေးကွက်သစ်တခုဖြစ်လာနိုင်တဲ့ မြန်မာပြည်နဲ့ ချိတ်ဆက်မိဖို့ ကလည်း လိုအပ်တာပါပဲ။ ( မူရင်း၊ ၊ Myanmar’s Moment? by Martin N. Baily and Richard Dobbs)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024