ရခိုင် တိုက်ပွဲရှောင်နှင့် IDP စခန်းများကို ကျပ်သိန်း ၁၈,၀၀၀ ကျော် ထောက်ပံ့
DVB
·
August 22, 2020
ရခိုင်ပြည်နယ်က တိုက်ပွဲရှောင်နဲ့ IDP စခန်းတွေက အိမ်ထောင်စုတွေအတွက် စားနပ်ရိက္ခာနဲ့ ယာယီအိမ်တွေအတွက် လူကယ်ပြန်ဝန်ကြီးဌာနက ကျပ်သိန်းပေါင်း ၁၈,၀၀၀ ကျော် ထောက်ပံ့ပေးလိုက်ပါတယ်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ထောက်ပံ့ခဲ့တာလို့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ထုတ်ပြန်ထားတာပါ။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ဟာ ဒီအစီအစဉ်အရ တိုက်ပွဲရှောင်နဲ့ IDP စခန်းတွေက အိမ်ထောင်စုတွေကို ထောက်ပံ့မယ့်လုပ်ငန်းစဉ်အတွက် အစည်းအဝေးကို မနေ့က Video Conferencing စနစ်နဲ့ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အိမ်ထောင်စု တစုစီကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ စားနပ်ရိက္ခာ ၅ မျိုးအတွက် ကျပ် ၄၀,၀၀၀ နှုန်းနဲ့ အိမ်ထောင်စုပေါင်း ၄၀,၀၀၀ ကျော်အတွက် ကျပ်သိန်း ၁၆,၀၀၀ ကျော်၊ ယာယီအဆောက်အဦအတွက် ကျပ်သိန်း ၂,၆၀၀ ကျော်ကို ဝန်ကြီးဌာနကိုယ်စား ရခိုင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဝန်ကြီးချုပ်ကို ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကိုယ်ဝန်ဆောင်နဲ့ ၂ နှစ်အောက် ကလေးတွေ၊ သက်ကြီး ဘိုးဘွားနဲ့ မသန်စွမ်းသူတွေအတွက်လည်း ကျပ် ၃၀,၀၀၀ နှုန်းစီ ဆက်ပြီး ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။