စစ်တွေမြို့၌ အသွားအလာကန့်သတ်ထားရှိသူ ထပ်တိုးလာနေ၍ နေရာအခက်အခဲရှိ
DVB
·
August 22, 2020

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ မြင့်တက်လာနေပြီး Facility Quarantine ကန့်သတ်ထားရှိထားသူ သြဂုတ် ၂၁ ရက်နေ့အထိ လူဦးရေ ၂၀၀ ကျော်ရှိနေပြီး နောက်ထပ်ပိုးတွေ့လူနာတွေ ရှိလာတဲ့အတွက် နေရာအခက်အခဲရှိလာနေတယ်လို့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က DVB ကို ပြောပါတယ်။
“လက်ရှိမှာ Facility Quarantine အဖြစ် အသွားအလာ ကန့်သတ်ထားရှိထားသူ ၂၀၀ ကျော် ရှိနေတယ်။ နောက်ထပ်ပိုးတွေ့လူနာတွေ များလာနေတော့ နောက်ထပ် Facility Quarantine အဖြစ် အသွားအလာ ကန့်သတ်ထားရှိထားသူတွေ တိုးလာတော့မယ်ဆိုတော့ နေရာအခက်အခဲ ရှိလာနေတယ်။ နောက်ထပ် ပိုးတွေ့သူတွေနဲ့ ဆက်စပ်သူ ဘယ်လောက် ဖြစ်နိုင်မလဲဆိုတာ အတိအကျပြောဖို့ခက်ပါတယ်။”
စစ်တွေမြို့မှာ ဒီကနေ့ သြဂုတ်လ ၂၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၄၄ ဦးအထိ ရှိနေပြီး စောင့်ကြည့်လူနာ ၁၁ ဦးအထိ ရှိနေတယ်လို့ သိရပါတယ်။
သြဂုတ် ၂၁ ရက် ည ၈ နာရီ ထုတ်ပြန်ချက်ပါ စစ်တွေမြို့က ပိုးတွေ့လူနာ ၁၀ ဦး၊ သြဂုတ်လ ၂၂ ရက်နေ့ ထုတ်ပြန်ချက်ပါ ပိုးတွေ့လူနာ ၁၆ ဦးတို့နဲ့ ထိတွေ့သူတွေကို Facility Quarantine အဖြစ် အသွားအလာ ကန့်သတ်ထားရှိဖို့ နေရာအခက်အခဲ ရှိနေတာ ဖြစ်ပါတယ်။
စစ်တွေ တိုင်းရင်းဆေးရုံနဲ့ စစ်တွေ ဒီဂရီကောလိပ်ဟောင်း နေရာတွေမှာ Facility Quarantine အဖြစ် အသွားအလာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။
လင်းလက်
ဓာတ်ပုံ - စစ်တွေမြို့တိုင်းရင်းဆေးရုံမှ Facility Quarantine နေထိုင်နေကြသူများအား တွေ့ရစဥ်