စစ်တွေမြို့တွင် ပြည်ပခရီးသွားရာဇဝင်မရှိသည့် ကိုဗစ်-၁၉ လူနာသစ် ၁၀ ဦး တွေ့ရှိ
DVB
·
August 21, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ကိုဗစ်-၁၉ လူနာသစ် ၁၀ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၃၇၆ ခု၊ ဆေးသုတေသနဦးစီးဌာနက ၂၅၆ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၁၁၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၁၈၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (စစ်တွေ) က ၃၆ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၉၆၄ ခုအား ဒီနေ့ ညနေ စစ်ဆေးပြီးစီးခဲ့ပြီး အတည်ပြုလူနာသစ် ၁၀ ဦး တွေ့ရှိခဲ့တာပါ။
လူနာသစ် ၁၀ ဦးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူ ၅ ဦး၊ ထိတွေ့မှုမရှိခဲ့သူ ၅ ဦးတို့ဖြစ်ပြီး သူတို့အားလုံးဟာ အသွားအလာ ကန့်သတ်ထားသူတွေနဲ့ စောင့်ကြည့်လူနာတွေဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ကို စစ်တွေဆေးရုံမှာ ဆေးကုသမှု ခံယူစေမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၁၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၃၇ ဦးအနက် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၃၁ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၄၅ ဦးရှိပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၂ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၇၉၇၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၅ ဒသမ ၅ သန်းကျော် ရှိပြီလို့ သိရပါတယ်။