Homeမြန်မာသတင်း
သိမ်းဆည်းယာမြေများထဲမှ ပိုလျှံမြေများ ပြန်လုပ်ကိုင်ခွင့်ပြုရန် တောင်သူ ၁၂ ဦး တောင်းဆို
သိမ်းဆည်းယာမြေများထဲမှ ပိုလျှံမြေများ ပြန်လုပ်ကိုင်ခွင့်ပြုရန် တောင်သူ ၁၂ ဦး တောင်းဆို
DVB
·
August 21, 2020
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ ကြီးအိုကြီးဝ ရေလှောင်တမံတည်ဆောက်စဉ် သိမ်းဆည်းခံယာမြေတွေထဲက ပိုလျှံမြေတွေကို ပြန်လည်လုပ်ပိုင်ခွင့်ပြုဖို့ သြဂုတ် ၁၉ ရက်နေ့က မကွေးမြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဒေသခံတောင်သူတွေက တောင်းဆိုပါတယ်။
ကြီးအိုကြီးဝ ရေလှောင်တမံ ကို ၂၀၀၆/၂၀၀၇ ခုနှစ်နှစ်လောက်က တည်ဆောက်ခဲ့တာဖြစ်ပြီး မြေနီကုန်း ကျေးရွာအပါဝင် ကျေးရွာအများအပြား ရေနစ်မြှုပ်လို့ ပြောင်းရွှေ့ပေးခဲ့ရတာလို့ စေတုတ္တရာမြို့နယ် မြေနီကုန်းကျေးရွာ ဒေသခံတောင်သူ ဦးငွေခဲက ပြောပါတယ်။
အဲဒီလို ပြောင်းရွှေ့ခဲ့ရတဲ့ ကျေးရွာတွေအနက် မြေနီကုန်းကျေးရွာက တောင်သူ ၂၉ ဦးပိုင်ဆိုင်တဲ့ ယာမြေတွေကို ရွာပြန်လည်တည်ဆောက်ဖို့ သိမ်းဆည်းခံခဲ့ရတာဖြစ်တယ်။
အဲဒီယာမြေတွေထဲက ပိုလျှံမြေတွေကို တောင်သူ ၁၄ ဦးက ပြန်လည်လုပ်ကိုင်ခွင့်ပြုဖို့ လျှောက်ထားပေမယ့် တောင်သူ ၂ ဦးသာ လုပ်ပိုင်ခွင့်ရရှိတာကြောင့် ကျန်တဲ့ ၁၂ ဦး ပြန်လည်လုပ်ပိုင်ခွင့်ပြုပေးဖို့ တောင်းဆိုတာလို့ ဆိုပါတယ်။
ယာမြေတွေကို သိမ်းဆည်းစဉ်က ဘာလျော်ကြေးမှ အရရှိခဲ့ဘဲ စားဝတ်နေရေးခက်ခဲလာလို့ ပိုလျှံတဲ့မြေတွေကို ပြန်လည်လုပ်ပိုင်ခွင်ပြုပေးဖို့ တောင်းဆိုရတာလို့ စေတုတ္တရာမြို့နယ် မြေနီကုန်းကျေးရွာ ဒေသခံတောင်သူ ကိုခင်မောင်ဝင်းက ပြောပါတယ်။
အဲဒီယာမြေတွေကို ပြန်လည် လုပ်ပိုင်ခွင့်ပြုဖို့ အဆင့်ဆင်တင်ပြတောင်းဆိုခဲ့ရာ ၂၀၁၈ ခုနှစ် သြဂုတ်လမှာ စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပေမဲ့ ဒီနေ့အချိန်ထိ ဘာမှမထူးခြားလို့ အခုလိုတောင်းဆိုရတာဖြစ်တယေလို့ ဆိုပါတယ်။
စေတုတ္တရာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်အောင်က "ပိုလျှံတဲ့ မြေတွေကို မူလတောင်သူတွေကို ပြန်လည်လုပ်ပိုင်ခွင့်ပေးဖို့ လွှတ်တော်မှာ အကြိမ်ကြိမ်မေးခွန်းမေးမြန်းခဲ့ပေမဲ့ ကြန့်ကြာမှုတွေရှိခဲ့ပြီး တောင်သူလယ်သမားပါတီက တောင်းဆိုတဲ့အတွက် နစ်နာကြေးတွေ၊ ပိုလျှံမြေတွေ ပေးအပ်ဖို့ ထပ်မံစိစစ်တာတွေ ပြုလုပ်မယ်လို့ သိရတယ်” လို့ ပြောပါတယ်။
စေတုတ္တရာမြို့နယ် လယ်/စီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က တရားဝင်ညွှန်ကြားစာရောက်လာတာနဲ့ တပတ်အတွင်း ကွင်းဆင်းစစ်ဆေးပြီး မူလမြေပိုင်ရှင်တွေကို မှန်မှန်ကန်ကန် ရရှိအောင် ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။
"အဲဒီမြေနီကုန်းကျေးရွာက မြေယာပိုင်ဆိုင်မှု တိုင်စာတက်တာတွေများလို့ ခေတ္တဆိုင်းငံ့ ထားတာ ဖြစ်ပြီး ယာပိုင်ရှင် ၂ ဦးကို ပိုလျှံမြေပေးအပ်ခဲ့ပြီး ကျန်တဲ့သူတွေကိုလည်း တိတိကျကျ စစ်ဆေးပြီး လုပ်ပိုင်ခွင့်ပေးမှာ။"
ကြီးအိုကြီးဝ ရေလှောင်တမံ တည်ဆောက်လိုက်တဲ့အတွက် ကျေးရွာအမြောက်အမြားနဲ့ ယာမြေတွေ ရေမြုပ်ဧရိယာထဲ ပါဝင်ခဲ့လို့ ကျေးရွာတည်ဆောက်ဖို့ ယာမြေတွေ သိမ်းဆည်းခံရတဲ့ ထဲက ပိုလျှံမြေ ၁၃ ဧက ကျော်ခန့်ကို ပြန်လည်လုပ်ပိုင်ခွင့်ရရှိဖို့ တောင်းဆိုနေကြတာပါ။
သတင်း-မင်းထီး