ကလေးမြို့တွင် လောင်စာဆီဂိုဒေါင်မီးလောင်၊ မီးငြှိမ်းသတ်သူ ၈ ဦး ဒဏ်ရာရ
DVB
·
August 21, 2020
ကလေးမြို့ လှိုင်သာယာရပ်ကွက် ကျန်စစ်သားလမ်းမှာ ဩဂုတ် ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲလောက်က လောင်စာဆီဂိုဒေါင်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးငြှိမ်းသတ်တဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့တပ်မတော်သား ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုဖြစ်ပွားရတာဟာ ဂါလန် ၈၀၀၀ ဆံ့ နောက်တွဲဆီသယ်ယာဉ်အတွင်းက ဓာတ်ဆီတွေကို ပေပါအတွင်း ဖြည့်တင်းရာမှာ မော်တာမီးပွားလွှင့်ကာ မီးစတင်လောင်ကျွမ်း ခဲ့တယ်လို့ ကလေးမြို့စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးတင်စိုးက ပြောပါတယ်။
“တွဲကားထဲက ဆီကို ပေပါထဲ ပြောင်းအထည့်မှာ မော်တာဖွင့်တာ၊ အဲ့ဒီမှာ ဖွင့်ပြီး လွှတ်ထားတဲ့အချိန် လျှပ်စစ်ဓာတ်က ဆီကိုဟပ်ပြီး လောင်ကျွမ်းတာပါ။"
လောင်စာဆီတွေ လောင်ကျွမ်းတာဖြစ်တဲ့အတွက် မီးငြှိမ်းသတ်ချိန် ၄ နာရီကျော်ကြာမြင့်ခဲ့တယ်လို့ ကလေးမြို့ဒေသခံ ကိုထွန်းသိန်းက ပြောပါတယ်။
"မီးက လောင်စာတွေဖြစ်တဲ့အတွက် ကြီးတယ်။ ညတော်တော်ကြာအထိ ငြှိမ်းလို့ မပြီးသေးဘူး။ မီးသတ်တပ်ဖွဲ့တွေလည်း ဒဏ်ရာရသွားတယ်။"
မီးငြှိမ်းသတ်စဉ်မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ တပ်မတော်သား ၄ ဦးနဲ့ ကလေးခရိုင်/ မြို့နယ်က မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးတို့ ဒဏ်ရာအသီးသီးရရှိခဲ့ပြီး ကလေးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းရာမှာ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း ဆီဂိုဒေါင် ၁ လုံး၊ ဂိုဒေါင်အတွင်းမှ (92) ဓာတ်ဆီပေပါ အလုံး ၄၀ နဲ့ ကားတာယာ ၄ လုံးတို့ လောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ရှစ်ဆယ့်နှစ်သိန်း ဆုံးရှုံးသွားကြောင်း သိရပါတယ်။
မီးလောင်ကျွမ်းရာနေရာကို မီးငြှိမ်းသတ်ယာဉ် ၇ စီး၊ ဆီမီးငြှိမ်းသတ်ယာဉ် ၁ စီးနဲ့ ရေသယ်ယာဉ် ၁၁ စီးတို့နဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး လောင်စာဆီဂိုဒေါင်ပိုင်ရှင် ဦးလျန်ဟောက်မွန်ကို ကလေးမြို့မရဲစခန်းက ( ပ ) ၈၀၆/၂၀၂၀ ဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
ရန်နိုင်စိုး