စစ်တွေနှင့်မြောက်ဦးတွင် ပြည်ပခရီးသွားရာဇဝင်မရှိသည့် ကိုဗစ်-၁၉ လူနာသစ် ၁၀ ဦး တွေ့ရှိ
DVB
·
August 21, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ၉ ဦးနဲ့ မြောက်ဦးမြို့က ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၈၁၁ ခုအား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၀ ဦးတွေ့ရှိတာလို့ ဆိုပါတယ်။
အခုတွေ့ရှိတဲ့ လူနာသစ် ၁၀ ဦးဟာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မရှိဘဲ စစ်တွေမြို့မှာ အသွားအလာကန့်သတ်ထားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ကို စစ်တွေမြို့ ပြည်သူ့ဆေးရုံနဲ့ မြောက်ဦး ပြည်သူ့ဆေးရုံတွေမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။
မနေ့ညက ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၀၀ ခုအား စစ်ဆေးရာမှာလည်း စစ်တွေမြို့နယ်နေ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃ ဦး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၀၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၃၃ ဦးထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၃၁ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၄ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၂.၈ သန်းကျော်၊ သေဆုံးသူ ၈ သိန်းခန့်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၅ သန်းကျော် ရှိပြီလို့ သိရပါတယ်။