ကမ္ဘောဇပိုင် လုပ်ငန်းအားလုံး အများပိုင်ပြောင်းမည်

ဆရာကျောင်း ခေါ် ဦးအောင်ကိုဝင်း ပိုင်ဆိုင်တဲ့ ကမ္ဘောဇကုမ္ပဏီအုပ်စုဟာ ၂၀၁၅ မတိုင်ခင် လာမယ့် ၂ နှစ်အတွင်း သူတို့ပိုင်လုပ်ငန်းအားလုံးကို အများပိုင်ကုမ္ပဏီတွေအဖြစ် ပြောင်းလဲမယ်လို့ လုပ်ငန်းစု မန်နေးဂျင်းဒါရိုက်တာ ဦးညိုမြင့်က သတင်းထောက်တွေကို ပြောပါတယ်။ ဇွန်လ ၁၂ ရက်နေ့ က ပြုလုပ်တဲ့ ကမ္ဘောဇအာမခံလုပ်ငန်း ဖွင့်ပွဲ အခမ်းအနားမှာ ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ကမ္ဘောဇကုမ္ပဏီလုပ်ငန်းစုဟာ မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး ပုဂ္ဂလိကဘဏ်လုပ်ငန်း၊ ကမ္ဘောဇလေကြောင်းလိုင်း၊ အရင်က အစိုးရနဲ့ ဖက်စပ်ပိုင်ဆိုင်ခဲ့ပြီး လက်ရှိ ရာနှုန်းပြည့် ပိုင်ဆိုင်ထားတဲ့ အမ်အေအိုင်လေကြောင်းလိုင်းနဲ့ အာမခံလုပ်ငန်း စတာတွေကို ပိုင်ဆိုင် ထားပါတယ်။ အများပိုင်ကုမ္ပဏီတွေအဖြစ် ပြောင်းဖို့ဆိုရင် စတော့ရှယ်ယာဈေးကွက် ရှိမှသာ အဆင်ပြေမှာမို့ ခုလို အချိန် ၂ နှစ်ယူရတာလို့ ဦးညိုမြင့်က ရှင်းပြပါတယ်။

More News
Up