Home
မြန်မာသတင်း
စစ်တွေမြို့က ကိုဗစ်-၁၉ လူနာသစ် ၃ ဦးတွင် ဘဏ်ဝန်ထမ်းမိသားစု ၂ ဦးပါဝင် 
DVB
·
August 19, 2020
117661492_352579089097824_3134903364107963147_n
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ထပ်တွေ့တဲ့  ကိုဗစ်-၁၉ လူနာသစ် ၃ ဦးထဲမှာ   လူနာအမှတ် ၃၇၅ နဲ့ ထိတွေ့ခဲ့တဲ့ ဘဏ်ဝန်ထမ်းမိသားစုဝင်၂ ဦးနဲ့  ဘယ်က ကူးစက်လာမှန်းမသိတဲ့ လူနာ ၁ ဦး ပါဝင်တယ်လို့ စစ်တွေကျန်းမာရေးဌာက သိရပါတယ်။ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က “စစ်တွေက ၅၁ ဦးနဲ့ ကျောက်ဖြူ ၃၃ ဦးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်ကို စစ်ဆေးရာမှာ အားလုံးNegative ဖြစ်ခဲ့ပေမဲ့ လူနာအမှတ် ၃၇၅ နဲ့ ထိတွေခဲ့တဲ့ ဘဏ်ဝန်ထမ်းမိသားစုတွေကိုပါ သံသယရှိတဲ့အတွက်စစ်ဆေးရာမှာ ဘဏ်ဝန်ထမ်း မိသားစုဝင် ၂ ဦးထပ်တွေ့တယ်။ နောက် ၁ ဦးကတော့ ဘယ်ကကူးစက်လာမှန်းမသိတဲ့ လူနာ ဖြစ်နေတယ်။ သူက နေထိုင်မကောင်းလို့ ကျန်းမာရေးဌာနကို သီးသန့်လာပြတဲ့သူဖြစ်တယ်။"လို့ ဒီဗွီဘီကို ပြောပါတယ်။ လူနာအမှတ် ၃၇၇ မှာ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့က အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး စစ်တွေမြို့ မိဇံကမ်းနားလမ်းရပ်ကွက်မှာ နေထိုင်ကာ NGO အဖွဲ့အစည်းတစ်ခုမှာ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူဟာ သြဂုတ်လ ၁၈ ရက် မနက်ပိုင်းမှာ ဖျားနာလာတဲ့အတွက် ဆေးရုံသို့ လာရောက်ပြသရာမှာ သူ့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တို့ကို  သြဂုတ် ၁၈ ရက်က ရယူ စစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိ ခဲ့ရတာလို့ စစ်တွေကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ အသက် ၅ဝ အရွယ် လူနာအမှတ် ၃၇၈ နဲ့ အသက် ၄၅ နှစ် လူနာအမှတ်  ၃၇၉ တို့ နှစ်ဦးတို့မှာ လူနာအမှတ် ၃၇၅ နဲ့ထိတွေ့ခဲ့တဲ့ CB ဘဏ်ဝန်ထမ်းတစ်ဦးရဲ့ မိသားစုဝင် ၂ ဦးဖြစ်ပြီး  စစ်တွေမြို့ တိုင်းရင်းဆေးရုံမှာ Facility Quarantine အဖြစ် စောင့်ကြည့်လူနာတွေအထဲက ဖြစ်တယ်လို့  စစ်တွေကျန်းမာရေးဌာနက သိရပါတယ်။ အခုလက်ရှိ အဆိုပါ လူနာသစ် ၃ ဦးနဲ့ ထိတွေ့မှုရှိခဲ့သူ ဘယ်လောက်ကို  စစ်ဆေးသွားမယ်ဆိုတာ ပြောမရနိုင်သေးဘူးလို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။ "အတိအကျ ပြောမရနိုင်သေးပါဘူး။ ကျနော်တို့အစည်းအဝေးတွေ ပြုလုပ်နေပါတယ်။ များစွာဖြစ်နိုင်ပါတယ်။" စစ်တွေမြို့မှာ  စီဘီဘဏ်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ အသက်၂၆ နှစ်အရွယ်အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိကြောင်း သြဂုတ် ၁၆ ရက် ညနေ ၈ နာရီက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် ၃ ရက်အကြာမှာ နောက်ထပ် အမျိုးသမီး ၃ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ထပ်မံတွေ့ရှိတာ ဖြစ်ပါတယ်။ စစ်တွေမြို့က စီဘီဘဏ်ဝန်ထမ်းအမျိုးသမီးဖြစ်တဲ့ လူနာအမှတ် ၃၇၅ ဟာ ရခိုင်ပြည်နယ်မှာ ပြည်ပကိုခရီးသွားရာဇဝင်မရှိဘဲ ဒုတိယမြောက်ကူးစက်ခံရသူ ဖြစ်ပြီး ယခု ရောဂါပိုး ထပ်မံတွေသူ ၃ ဦးကလည်း ပြည်တွင်းကူးစက်ခံရသူတွေဖြစ်လို့  စစ်တွေဒေသခံတွေက အထူးစိုးရိမ်နေတယ်။ စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်က ကိုလှထွန်းမောင်က "တကယ်စဉ်းစားရင် မတွေးဝံ့ စရာပါ။ အခုရောပိုးတွေ့ရှိသူ ၄ ဦးက လူတွေနဲ့ ဘယ်လောက် ထိတွေ့ခဲ့သလဲဆိုတာ ဘယ်လိုမှ ခန့်မှန်းလို့မရနိုင်ပါဘူး။ မိမိဘာသာကြိုတင်ကာကွယ်မှုတွေ လုပ်ထားဖို့ပဲ ရှိပါတော့တယ်။” လို့ ပြောပါတယ်။ ကိုဗစ်-၁၉ လူနာအမှတ် ၃၇၅ နဲ့ ဆက်စပ်တဲ့ လူ ၁ဝဝ နီးပါးကိုလည်း စောင့်ကြည့်လူနာအဖြစ်ထားရှိကာ ဆေးစစ်ချက် နမူနာရယူ စစ်ဆေးနေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့်   အခုရောဂါပိုးတွေ့ရှိသူ လူနာ ၃ ဦးနဲ့ ထိတွေ့သူ ဘယ်လောက်ကို စစ်ဆေးမယ်ဆိုတာတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ သံတွဲမှာ ၁ ဦး ၊ တောင်ကုတ်မှာ ၁ ဦး၊ စစ်တွေမှာ ၁ ဦး ၊ ဘူးသီးတောင်မှာ ၄ ဦး၊ မောင်တောမှာ ၈ ဦးနဲ့ ကျောက်တော်မှာ ၁ ဦး စုစုပေါင်း ၁၆ ဦးရှိခဲ့ပြီး အားလုံးရောဂါကင်းစင်နေကောင်းသွားပြီဖြစ်လို့ ဆေးရုံမှ ဆင်းသွားကြပြီ ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024