Home
အနုပညာ
ဖြိုးပြည့်စုံနှင့် အောင်ထက်တို့ ဖျော်ဖြေကြမည့် FG Live Lounge အွန်လိုင်းဂီတဖျော်ဖြေပွဲ ကျင်းပမည်
DVB
·
August 18, 2020
       နာမည်ကြီး လူငယ်အဆိုတော် ၂ ယောက်ဖြစ်ကြတဲ့ ဖြိုးပြည့်စုံနဲ့ အောင်ထက်တို့ အတူဖျော်ဖြေကြမယ့် FG Live Lounge အွန်လိုင်းဂီတဖျော်ဖြေပွဲကို လာမယ့် ဩဂုတ်လ ၂၂ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။        FG Live Lounge အမည်နဲ့ တေးဂီတ ဖျော်ဖြေပွဲတွေကိုတော့ ပြီးခဲ့တဲ့နှစ်က စတင်ကာ အပတ်စဉ်စနေနေ့တိုင်း နာမည်ကြီးတေးသံရှင်တွေနဲ့ ဖျော်ဖြေပွဲအဖြစ် ရန်ကုန်မြို့ ဝေဇယန္တာ လမ်းမပေါ်က ရေကူးစတူဒီယိုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ အားပေးလက်ခံမှုတွေ ရရှိခဲ့တဲ့ ဖျော်ဖြေပွဲ ဖြစ်ခဲ့တာပါ။ အခုနှစ် Season 2 မှာတော့ ကိုဗစ်-၁၉ အန္တရာယ်ကြောင့်မို့ ပွဲကျင်းပဖို့ အဆင်မပြေတော့ဘဲ အခပေးရုပ်သံလိုင်းတခုဖြစ်တဲ့  Canal+Gita ရုပ်သံလိုင်းကနေ ထုတ်လွှင့်တဲ့ ပုံစံပြောင်းလဲခဲ့ရတာ ဖြစ်ပါတယ်။ Season 2 ရဲ့ ပထမဆုံးသော ဖျော်ဖြေပွဲကိုတော့ ဂီတညီအစ်ကို ၂ ယောက်ဖြစ်တဲ့ ဂျေမောင်မောင်နဲ့ ဂျေညီညီတို့ရဲ့ ဖျော်ဖြေပွဲနဲ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ စတင်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ သာဒီးလူရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ကာ ဩဂုတ်လ ၁ ရက်နေ့မှာတော့ Wanted အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့တုန်းကတော့ အမျိုးသမီး တေးသံရှင် ဆုန်သင်းပါရ်ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပြီး ၁၅ ရက်နေ့ကတော့ အဆိုတော် စည်သူလွင်ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့တာမို့ ခုတပတ်မှာတော့ သီတင်းပတ် ၆ ပတ်တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အလွမ်းအဆွေး သီချင်းတွေနဲ့ နာမည်ကြီးတဲ့ အဆိုတော် ဖြိုးပြည့်စုံဟာ မြန်မာ ပြည်ရဲ့ အောင်မြင်တဲ့ အဆိုတော်တွေ မွေးထုတ်ပေးရာ သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ The Best Of Melody World သီချင်းဆိုပြိုင်ပွဲစင်မြင့်ကနေ ဂီတလောကထဲ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေ ရွက်ပုန်းသီး ဂီတအနုပညာရှင်တွေကို ရွေးချယ်မွေးထုတ်ပေးနိုင်ခဲ့ပြီး ထက်နေကြည်၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ အိုင်ရင်းဇင်မာမြင့်၊ ကောင်းကောင်း၊ ဂျူဝယ်လ် စတဲ့ နာမည်ကြီး တေးသံရှင်တွေ အများအပြား ထွက်ရှိလာခဲ့ပါတယ်။ ဖြိုးပြည့်စုံကတော့ ၂၀၁၀ ပြည့်နှစ် The Best Of Melody World ပြိုင်ပွဲမှာ Winner ဆုရရှိခဲ့ပြီး တစ,တစ ပရိသတ်အားပေးမှု ရရှိခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အွန်လိုင်းပေါ်ကနေတဆင့် သိမ်းထားတဲ့ အချစ်၊ လရိပ်၊ မျှော်နိုင်သမျှ စတဲ့ သီချင်းလေးတွေကို မျှဝေရင်း ပရိသတ်ကြား ရေပန်းစားခဲ့ပြီး တကိုယ်တော် သီချင်းအယ်လ်ဘမ်ကိုတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိနိုင်ခဲ့ပါတယ်။ အဲဒီအယ်လ်ဘမ်နဲ့တင် ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ဖြိုးပြည့်စုံဟာ အတွဲသီချင်း အယ်လ်ဘမ်တွေမှာရော၊ အုပ်စုလိုက် သီချင်းအယ်လ်ဘမ်တွေမှာပါ သီဆိုခဲ့ပြီး ရေပန်းစားခဲ့သူ ဖြစ်ပါတယ်။ နောက်ထပ်တယောက်ဖြစ်တဲ့ အဆိုတော် အောင်ထက်ကတော့ အိပ်မက်ဆုံရာ ရာသက်ပန် သီချင်းဆိုပြိုင်ပွဲမှတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ပြိုင်ပွဲတလျှောက်မှာ ထူးခြားတဲ့ ကိုယ်ပိုင်ဟန် သီဆိုပုံတွေကြောင့် ထင်ရှားသလို Winner ဆုရရှိခဲ့ပြီးတဲ့နောက်မှာတော့ ပရိသတ် အားပေးလက်ခံမှုနဲ့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်လာခဲ့တာပါ။ လက်ရှိမှာတော့ ဟေ့… မိတ်ဆွေ၊ မျက်ရည်နှင့် ပွင့်သောပန်း၊ နှစ် စတဲ့ တေး အယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပြီဖြစ်တဲ့ အောင်ထက်ရဲ့ သီချင်းတွေဟာ ပရိသတ်တွေကြားမှာ ရေပန်းစားပါတယ်။ ခုတခါမှာတော့ တိုက်ရိုက်လိုက်ဖ် တင်ဆက်မှုအသွင်နဲ့ သူတို့ ၂ ယောက်ရဲ့ သီချင်း သီဆိုမှုတွေကို ပရိသတ်တွေက ခံစားနားဆင်ကြရတော့မှာ ဖြစ်ပါတယ်။ ဖြိုးပြည့်စုံနဲ့ အောင်ထက်တို့ ၂ ယောက်ဟာ ၂၀၁၈ ခုနှစ်တုန်းက ကြယ်အမည်နဲ့ တေးအယ်လ်ဘမ်တချပ်ထွက်ရှိထားခဲ့တာမို့ အခုလာမယ့် စနေနေ့ည ၉ နာရီတိတိမှာ ကျင်းပသွားမယ့် ဒီဖျော်ဖြေပွဲမှာရော သူတို့က ဘယ်လိုသီချင်းကောင်းတွေနဲ့ တင်ဆက် သွားဦးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024