ပြည်ပတွင်အလုပ်သွားလုပ်မည့်သူများ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း စစ်ဆေးမှုခံယူရမည်
DVB
·
August 17, 2020

ဂျပန်၊ ကိုရီးယားနဲ့ ထိုင်းနိုင်ငံတွေမှာ တရားဝင် အလုပ်သွားလုပ်ကြမယ့် မြန်မာ အလုပ်သမားတွေအနေနဲ့ တစ်ဦးကို ငွေကျပ် ၂ သိန်းနှုန်းပေးသွင်းပြီး ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း စစ်ဆေးခံရမယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။
ဂျပန်၊ ကိုရီးယားနဲ့ ထိုင်းနိုင်ငံတွေကို လုပ်သားပြန်လည်စေလွှတ်ခွင့်ပြုထားပြီး ပြည်ပကို မသွားခင် ပြည်တွင်းမှာဘဲ ကိုဗစ်ကင်းရှင်းကြောင်း စစ်ဆေးရမှာဖြစ်သလို သက်ဆိုင်ရာနိုင်ငံတွေရဲ့ ပေါ်လစီအပေါ်မှုတည်ပြီး စစ်ဆေးမှုတွေ ထပ်မံလုပ်ရမယ်လို့ဆိုပါတယ်။
အခုသြဂုတ်လကစပြီး ပြည်ပနိုင်ငံတွေကို ရွေ့ပြောင်းလုပ်ကိုင်ခွင့်ရတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန ရန်ကုန်နဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန မန္တလေးတို့မှာ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း စစ်ဆေးမှုခံယူရမှာပါ။
ဒီလိုစစ်ဆေးမှုကိုလည်း မဖြစ်မနေလုပ်ကြဖို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ပြည်ပ အလုပ်အကိုင် အေဂျင်စီတွေကို ညွှန်ကြားထားတာပါ။ ဒါ့အပြင် သက်ဆိုင်ရာနိုင်ငံတွေမှာ လည်းစစ်ဆေးမှုတွေ ပြန်ခံယူရမှာမို့ ဥပမာ ကိုရီးယားနိုင်ငံဆိုရင် ကွာရန်တင်းဝင်ခ မြန်မာငွေ ၁၅ သိန်းလောက်ပိုမိုကုန်ကျမှာပါ။
ဒါကြောင့်မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ စစ်ဆေးမှုရလဒ်ကို သက်ဆိုင်ရာနိုင်ငံတွေက လက်ခံနိုင်ပါ့မလား ဆိုတာကို ညှိနှိုင်းပြီးမှ လုပ်သင့်ပြီး သက်ဆိုင်ရာနိုင်ငံတွေက လက်မခံဘူးဆိုရင်တော့ အလုပ်သမားတွေဘက်က ကုန်ကျစရိတ်ပိုမိုများပြားနိုင်တာပဲရှိမယ်ဆိုတဲ့ အလုပ်သမားအဖွဲ့အစည်းတွေက ဝေဖန်ပါတယ်။
လက်ရှိပြည်ပနိုင်ငံတွေကို မြန်မာလုပ်သားစေလွှတ်မှုကို ဂျပန်၊ ထိုင်းနဲ့ ကိုရီးယား နိုင်ငံတွေကို ပြန်လည်စေလွှတ်ခွင့်ပြုထားပြီး ကျန်နိုင်ငံတွေကိုလည်း ကမ်းလှမ်းမှုအပေါ်မှုတည်ပြီး ခွင့်ပြုပေးသွားဖို့စီစဉ်နေတာပါ။
ဒါကြောင့် မြန်မာလုပ်သားခေါ်ယူတဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့မူဝါဒအလိုက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ အခုလို ကိုဗစ်-၁၉ စစ်ဆေးထောက်ခံချက်တွေပေးနိုင်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းပြီး ပြင်ဆင်ထားတာလို့ သိရပါတယ်။
သတင်း - ဇာခြည်