A d v e r t i s e m e n t With Us

ရွှေကူမြို့နယ်တွင် ကျပ် သိန်း ၃၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ  ဆိုင်ကယ်နဲ့ သယ်ဆောင်လာတဲ့ ငွေကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဩဂုတ် ၁၆ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့   ရွှေကူမြို့မရဲစခန်းက သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက မနေ့ည ၈ နာရီလောက်က ဗန်းမော်-မန္တလေးမဟာဗျူဟာလမ်းပေါ်ရှိ ရွှေကူမြို့နယ်တော်လှန်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ သတင်းအရစောင့်ဆိုင်းနေစဉ် ဗန်းမော်ဘက်ကို ဦးတည်ပြီး  အောင်မိုးဆိုသူမောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ဆာလာအိတ်နဲ့ ထည့်ထားတဲ့ စိတ်ကြွမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာပါ။ အဆိုပါမူးယစ်ဆေးတွေကို မဘိမ်းမြို့နယ်၊ သုံးခွကျေးရွာနေ မမြင့်မြင့်စိုးထံကနေ  ဝယ်ယူ လာတာလို့ သိရလို့ တရားခံကွင်းဆက်လိုက်ရာမှာ ရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးရမိခဲ့ပါတယ်။  မူးယစ်ဆေးဖမ်းမိတာနဲ့ ပတ်သက်ပြီး အမည်မဖော်လိုသူ ဒေသခံတစ်ဦးက "မူးယစ်မှုမှန်ရင် နည်းတာများတာတွေ၊ ကိုင်းရင်း ကိုင်းဖျားတွေ မရွေးနေပဲ စနစ်တကျ ဖော်ထုတ်ဖမ်းဆီးပြီး အဂတိကင်းစွာ တရားစီရင်နိုင်မယ်ဆိုရင် အနာဂတ်ရန်သူဖြစ်တဲ့ မူးယစ်အန္တရာယ်ကို တွန်းလှန်နိုင်မှာဖြစ်ပါတယ်။ အခုတော့ ဖမ်းသူကဖမ်းပေမယ့် မူးယစ်မှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့သူကို အပြင်က သူ့မိသားစုဝင်တွေက မူးယစ်ရောင်းပြီး ပြန်ထုတ်နေတာတွေကို ကြားနေ သိနေမြင်နေရတော့ စိတ်မအေးစရာတွေတော့ ဖြစ်ရတာပေါ့" လို့  ပြောပါတယ်။ လတ်တလောမှာတော့ မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိသူ အောင်မိုး(၂၀)နှစ်နဲ့ ရောင်းချသူ မမြင့်မြင့်စိုး(၃၅)နှစ်တို့ကို  ရွှေကူမြို့မရဲစခန်းက မူးစိတ်ပုဒ်မ ၁၉(က)/၂၁နဲ့ ဖမ်းဆီးအရေးယူထားပါတယ်။ သတင်း - ကျော်ဇေယျCJ(ရွှေကူ)

A d v e r t i s e m e n t With Us

More News
Up