Home
ရွေးကောက်ပွဲ
Any Questions? ကချင်ပြည်နယ်အစီအစဉ် (ပထမပိုင်း)
DVB
·
August 17, 2020
၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို ပထမဆုံးအကြိမ်မဲပေးကြမယ့် First time voters လူငယ်တွေက သူတို့သိလိုသမျှတွေကို မေးမြန်းပြီး ပါတီတာဝန်ရှိတဲ့သူတွေက ပြန်လည်ဖြေကြားပေးမယ့် Any Questions? အစီအစဉ်ကို ဒီဗွီဘီက တင်ဆက်ပေးနေရာမှာ ဒီတစ်ပတ်အတွက် ရွေးချယ်ထားတာကတော့ ကချင်ပြည်နယ်ပဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာဆိုရင် အမျိုးသားလွှတ်တော်ကတော့ ၁၂ နေရာရှိတယ်။ ပြည်သူ့လွှတ်တော်ကတော့ ၁၈ နေရာရှိတယ်။ ပြည်နယ်လွှတ်တော်ကတော့ နေရာ ၄၀ ရှိပါတယ်။ ဒီနေရာ ၄၀ ထဲမှာတော့ တိုင်းရင်းသားရေးရာဝန်ကြီး ၄ နေရာ ပါဝင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်မှာဆိုရင် မဲဆန္ဒရှင်ဦးရေဟာ ၈၇၀၀၀၀ကျော် ရှိပြီးတော့ မဲပေးခဲ့တဲ့ လူဦးရေကတော့ ၆ သိန်းနီးပါး ရှိခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ၂၀၁၅ တုန်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် ပြည်သူ့လွှတ်တော်မှာယှဉ်ပြိုင်ခဲ့တဲ့ ပါတီက ၁၆ နေရာရှိပြီးတော့ အနိုင်ရခဲ့တဲ့ ပါတီ ၄ ပါတီရှိပါတယ်။ အမျိုးသားလွှတ်တော်မှာ ဆိုရင်တော့ ၁၄ ပါတီ ယှဉ်ပြိုင်ခဲ့ပြီးတော့ အနိုင်ရခဲ့တဲ့ ပါတီ ၃ ပါတီ ရှိပါတယ်။ ပြည်နယ်လွှတ်တော်ကို ကြည့်မယ် ဆိုရင်တော့ ယှဉ်ပြိုင်ခဲ့တဲ့ ပါတီဟာ ၁၅ ပါတီ ရှိပြီးတော့ အနိုင်ရခဲ့တဲ့ ပါတီဟာ ၆ ပါတီ ရှိပါတယ်။ ကချင်ပြည်နယ်မှာဆိုရင် ၂၀၁၅ တုန်းက မြို့နယ် ၁၁ မြို့နယ်ထဲက ကျေးရွာအုပ်စုပေါင်း ၂၁၁ ခုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ကချင်ပြည်နယ်မှာ မဲပေးနိုင်ခွင့်ရှိတဲ့သူ ၁ သန်းကျော်ရှိပြီးတော့ ပထမဦးဆုံးအကြိမ် မဲပေးမယ့် လူဦးရေကတော့ ၁၇၀၀၀၀ ကျော် ရှိပါတယ်။ မသန်စွမ်း မဲဆန္ဒရှင်ကတော့ ၁၅၀၀ ကျော် ရှိပါတယ်။ ကချင်ပြည်နယ်မှာ မဲရုံအရေအတွက်ကတော့ ၈၀၀ ကျော် ရှိပါတယ်။ ကချင်ပြည်နယ်နဲ့ ပတ်သက်လို့ ဒီဗွီဘီက စစ်တမ်းတစ်ခု ကောက်ခဲ့ပါတယ်။ ဒီစစ်တမ်းကို ဖြေဆိုခဲ့တဲ့သူတွေကို ကြည့်မယ်ဆိုရင် အမျိုးသားကတော့ ၄၉ ရာခိုင်နှုန်း ဖြေဆိုထားပြီး အမျိုးသမီးကတော့ ၄၆ ရာခိုင်နှုန်း၊ LGBT ကတော့ ၅ ရာခိုင်နှုန်း ဖြေဆိုထားပါတယ်။ ဖြေဆိုခဲ့တဲ့ သူတွေထဲမှာ ကချင်ပြည်နယ်မှာနေတဲ့သူကတော့ ၉၀ ရာခိုင်နှုန်းရှိပြီး ကချင်ပြည်နယ်မှာပဲနေပေမယ့် ရန်ကုန်မှာအလုပ်လာလုပ်နေတဲ့သူကတော့ ၁၀ ရာခိုင်နှုန်း ဖြေဆိုထားတာကို တွေ့ရပါတယ်။ ဒီဖြေဆိုထားတဲ့ အုပ်စုကို ကြည့်မယ်ဆိုရင် အသက် ၂၅ ကနေ ၃၅ က ၁၄ ရာခိုင်နှုန်း ဖြေဆိုထားတယ်ပြီး အသက် ၁၆ ကနေ ၂၅ ကတော့ ၈၆ ရာခိုင်နှုန်း ဖြေဆိုထားတာကို တွေ့ရပါတယ်။ စစ်တမ်းကို ဖြေဆိုထားတဲ့သူတွေထဲမှာ ပထမဦးဆုံးအကြိမ် မဲပေးမယ့် သူတွေကတော့ ၉၀ ရာခိုင်နှုန်း ဖြေဆိုထားတာကို တွေ့ရပြီး  မသန်စွမ်း ဖြေဆိုထားတာကတော့ ၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ စစ်တမ်းကို ဖြေဆိုထားသူတွေထဲမှာ လူမျိုးအုပ်စုတွေလည်း ပါဝင်ပါတယ်။ ကချင်လူမျိုးကတော့ ၈၄ ရာခိုင်နှုန်း ဖြေဆိုထားတာကို တွေ့ရပါတယ်။ ကချင်လူမျိုးထဲမှာ ကချင်ပါတယ်၊ ကချင်ရခိုင်ပါတယ်၊ ကချင်ရှမ်း ပါပါတယ်။ ရှမ်းကတော့ ၆ ရာခိုင်နှုန်း ဖြေဆိုထားတယ်။ ဂေါ်ရခါးကတော့ ၆ ရာခိုင်နှုန်း၊ ဗမာကတော့ ၄ ရာခိုင်နှုန်း ဖြေဆိုထားကြပါတယ်။ ဒီစစ်တမ်းထဲမှာ မေးခွန်းလေး ၂ ခု ထည့်ပြီးတော့ မေးခဲ့ရာမှာ ပထမဦးဆုံး မေးခွန်းကတော့ ကချင်ပြည်နယ်မှာ ရင်ဆိုင်နေရတဲ့ အဓိကပြဿနာတွေကတော့ ဘာတွေလဲဆိုပြီး မေးခဲ့တာ ရှိပါတယ်။ အဲဒီမေးခွန်းကို သူတို့ ဘယ်လိုဖြေကြလဲဆိုတော့ မူးယစ်ဆေးဝါးက အများဆုံးရှိတယ်ဆိုပြီး ၁၉ ရာခိုင်နှုန်း ဖြေဆိုထားကြပါတယ်။ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးကတော့ တန်းတူညီမျှ ၁၇ ရာခိုင်နှုန်း ဖြေဆိုထားတာကို တွေ့ရပါတယ်။ နောက်ထပ် အခြားဆိုတာကတော့ စီးပွားရေးပါတယ်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု၊ ကျန်းမာရေး၊ အလုပ်အကိုင် ဖွံ့ဖြိုးရေး ပါပါတယ်။ ဒါကတော့ ၁၆ ရာခိုင်နှုန်း ဖြေဆိုထားတာကို တွေ့ရပါတယ်။ နောက်ထပ်မေးခွန်းတစ်ခုကတော့ ကချင်ပြည်နယ် ဖွံ့ဖြိုးရေးကို နှောင့်ယှက်နေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲဆိုပြီးတော့မေးခွန်းကိုတော့ စစ်တမ်းဖြေဆိုထားတဲ့သူ ထက်ဝက်ကျော်က ပြည်တွင်းငြိမ်းချမ်းမှု မရှိခြင်း ဆိုပြီး ဖြေဆိုထားတယ်။ ဒါကတော့ ၅၁ ရာခိုင်နှုန်း ဖြေဆိုထားကြပါတယ်။ နောက်တစ်ခုကတော့ မူးယစ်ဆေးဝါး ပြဿနာက ၂၉ ရာခိုင်နှုန်း၊ နောက်ပြီးတော့ တရားဥပဒေစိုးမိုးမှု မရှိခြင်းကတော့ ၂၀ ရာခိုင်နှုန်း ဖြေဆိုထားတာကို တွေ့ရပါတယ်။ ဒါက မြို့ပေါ်မှာ သွားရောက်ကောက်ယူထားတဲ့ စစ်တမ်းတွေ၊ အွန်လိုင်းပေါ်ကနေ ကောက်ယူထားတဲ့ စစ်တမ်းတွေဖြစ်ပြီး ဒီလိုစစ်တမ်းတွေ ကောက်ယူခဲ့ရာမှာလည်း ဆက်သွယ်ဖို့ ခက်ခဲတဲ့ ဒေသတွေက လွဲလို့ လက်လှမ်းမီသလောက်ကို စစ်တမ်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီစစ်တမ်းတွေအရ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကချင်ပြည်နယ်၊ ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) တို့ကို Any Questions? အစီအစဉ်မှာ  ဖြေကြားပေးဖို့ ဒီဗွီဘီက ဖိတ်ကြားခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ဖိတ်ကြားထားတဲ့ ပါတီတွေထဲက လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဒုဥက္ကဋ္ဌ  ဦးလီပေါရဲက ပါတီမိတ်ဆက်စကားပြောကြားရာမှာ  DVB ရဲ့ Any Questions? မှာ  ပါဝင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတဲ့အကြောင်းနဲ့  ခဏနေကျ မေးတဲ့အခါကျရင် ကျနော်တို့ပါတီရဲ့ မူဝါဒတွေ၊ ရှေ့လုပ်ငန်းစဉ်တွေလည်း ချပြပေးသွားမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးသိန်းထွန်းကတော့ “ ကျနော်တို့ပါတီကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဆိုတဲ့အတွက်ကြောင့် ပါတီရဲ့ နာမည်အရလည်း တစ်လုံးခြင်းအရ အဓိပ္ပာယ်ရှိပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ပါတီဟာ လူမျိုးပေါင်းစုံကို ကိုယ်စားပြုတဲ့ပါတီ၊ လူမျိုးပေါင်းစုံနဲ့ စုဖွဲ့ထားတဲ့ ပါတီဖြစ်ပြီးတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လွှမ်းခြုံထားတဲ့ ပါတီဖြစ်ပါတယ်။ နောက်၊ ရွေးကောက်ပွဲမှာ နိုင်ခဲ့မယ်ဆိုရင်လည်းပဲ အစိုးရဖွဲ့စည်းနိုင်ပြီးတော့ နိုင်ငံတော်ကို အကောင်းဆုံး ဦးဆောင်သွားမယ့်ပါတီ ဖြစ်ပါတယ်” လို့ပြောပါတယ်။ ကချင်ပြည်နယ် ပြည်သူ့ပါတီက လူငယ်ရေးရာ တာဝန်ခံ  ဦးနော်ခုန့်ကတော့ “ကျနော်တို့ ကချင်ပြည်နယ် ပြည်သူ့ပါတီဆိုတာက အခု ဖြစ်ပေါ်လာတာ စုပေါင်းထားတဲ့ ပါတီဖြစ်ပါတယ်။ ဒါကို မှတ်ပုံတင်ပြန်ရတာ တစ်နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ ဒီပါတီကို ကချင်ပြည်သူ့ဒီမိုကရေစီပါတီ၊ နောက်ထပ် မနောတိုင်ပါတီလို့ သိကြတဲ့ UDPKပါတီ၊ ပြီးရင် KDP - ကချင်ဒီမိုကရက်တစ် ပါတီရယ်၊ UNFDP ဆိုတဲ့ ပါတီလေးခုကနေပြီးမှ ဖျက်သိမ်းပြီးမှ ပါတီတစ်ခုတည်း ပေါင်းစည်းထားတဲ့ ပါတီဖြစ်ပါတယ်။ လက်ရှိမှာ ကျနော်တို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ၁၁ မြို့နယ်စလုံး ကျနော်တို့တွေ ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ဒီအထဲမှာ ၆၈ နေရာစလုံးကို ကျနော်တို့ ယဉ်ပြိုင်သွားဖို့ ရှိပါတယ်။”လို့ ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ်  အလုပ်အမှုဆောင်အဖွဲ့၊ ဘဏ္ဍာရေးမှူး  ဦးသန့်ဇော်လတ်ကတော့ “ ကျနော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အားလုံး သိထားတဲ့အတိုင်း ကမ္ဘာသိနိုင်ငံ့ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဖြစ်တဲ့အတွက် အထူးကျနော် မိတ်ဆက်ပြောကြားဖို့ မလိုပါဘူး။ ကျနော်တို့ပါတီကတော့ ပြည်ထောင်စု တိုင်းရင်းသားအားလုံးနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုပါတီတစ်ခု ဖြစ်ပါတယ်။ အားလုံး ကျန်းမာချမ်းသာ ကြပါစေ။”လို့ပြောပါတယ်။ ဒီအစီအစဉ်မှာ အွန်လိုင်းကနေမေးမြန်းကြတဲ့ လူငယ်တွေအထဲက ပထမဆုံးမေးမြန်းခဲ့တဲ့ မချမ်းနန်က “ကျမက NLD ကို မေးချင်ပါတယ်။ တကယ်လို့များ NLD အနေနဲ့ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အစိုးရထပ်ဖြစ်ခဲ့မယ်ဆိုရင် ကချင်ပြည်နယ်ရဲ့ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ချက်ရှိပါသလား။ တကယ်လို့ ရှိတယ်ဆိုရင် ဘယ်အဆင့် အတိုင်းအတာအထိ မျှော်လင့်ထားပါသလဲ” လို့ မေးခွန်းထုတ်ပါတယ်။  ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဦးသန့်ဇော်လတ်က “မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ပါတီအနေနဲ့၊ အစိုးရအဖွဲ့အနေနဲ့ အများကြီး လုပ်ဆောင်နေတာ ရှိပါတယ်ခင်ဗျ။ အဲဒီတော့ နောက်အစိုးရ တက်လာတဲ့အခါမှာလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ကောင်းကောင်းမွန်မွန် လုပ်နိုင်မယ်လို့ ကျနော်တို့ကတော့ ယုံကြည်ချက်အပြည့် ရှိပါတယ်”လို့ဖြေကြားသွားပါတယ်။ မေးခွန်းမေးမြန်းသူ  နောက်တဦးဖြစ်တဲ့ မကိုင်ထွဲကတော့ “ ကျမကတော့ KSPP ပါတီကို မေးချင်လို့ပါရှင့်။ KSPP ရဲ့ မူဝါဒ ၁၂ ချက်ရှိတဲ့အထဲက နံပါတ် ၆ အရ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍကို ပြည်သူတွေအတွက် အားသွန်ခွန်စိုက် လုပ်ပေးမယ်လို့ သူတို့က ပြောထားတယ်ပေါ့။ အခုလောလောဆယ် ဖြစ်နေတဲ့ ငှက်ပျောခြံကိစ္စဆိုရင် ဝန်ကြီးတွေက ပြောကြတယ်၊ အဲဒါက ပြည်သူလူထု အလုပ်လက်မဲ့မဖြစ်အောင် ဆိုပြီးတော့ ပြောကြတယ်။ ဒါပေမယ့် KSPP ပါတီက တကယ်တမ်း ပြည်သူလူထု အလုပ်လက်မဲ့မဖြစ်အောင် ငှက်ပျောလုပ်ခြင်းက သေချာပါသလားဆိုတာ တစ်ချက် မေးချင်ပါတယ်။ နောက်တစ်ခုက မူဝါဒ နံပတ် ဘယ်လောက်လဲ မမှတ်မိတော့ဘူး၊ နိုင်ငံ့ခေါင်းဆောင်ပိုင်းမှာ အမျိုးသမီးတွေ ပါလာနိုင်အောင် ဆိုပြီး ပါပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့မှ ပါတီထဲမှာ အခုလောလောဆယ် အမျိုးသမီး ဘယ်နှစ်ယောက် ရှိသလဲပေါ့။ တကယ်လို့ သူတို့ အနိုင်ရတဲ့ပါတီ ဖြစ်တယ်ဆိုရင် အခုလောလောဆယ် ဘယ်အဆင့်ထဲမှာ ရှိလဲ၊ ဥပမာပြောရရင် ပါတီခေါင်းဆောင်တို့၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ အပိုင်းမှာ အမျိုးသမီး ဘယ်နှစ်ယောက် ပါလဲဆိုတဲ့ဟာကို ကျမမေးချင်ပါတယ်” လို့ မေးခွန်းထုတ်ပါတယ်။  ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဦးနော်ခုန့်က “ မိန်းကလေးမေးမြန်းပေးတာကို ပထမဦးဆုံးအနေနဲ့ ကျေးဇူးတင်ပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးမှ ခုနက ညီမလေးမေးသွားတယ်။ KSPP ကတော့ လက်ရှိမှာတော့ ကျနော်တို့ ငှက်ပျော စိုက်ပျိုးရေး မလုပ်ပါဘူး။ ကျနော်တို့က လက်ရှိမှာ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ မူဝါဒတွေတော့ ရှိပါတယ်။ ငှက်ပျောနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ငှက်ပျောပြဿနာက တော်တော်လေးကို အများကြီး ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာဖြစ်ပါတယ်။ ဒီထဲမှာ အလုပ်အကိုင်ရနိုင်တဲ့ သူတွေလည်း အများကြီး ရှိသလို ဒီထဲကနေပြီး ဆိုးကျိုးတွေကို ခံစားနေရတဲ့သူတွေလည်း အများကြီး ရှိတယ်။ ကျနော်တို့ နားလည်တာကတော့ ငှက်ပျောခြံကြီးပဲ ဖြစ်လာတာကတော့ ပြဿနာရှိပါတယ်။ ရာသီဥတု ပြောင်းလဲတာ၊ တအားပူလာတာတွေကအစပေါ့နော်။ ဒါက ကျနော်တို့တတွေ သေသေချာချာ စီမံကိန်းချပြီးမှ ကိုင်တွယ် ဖြေရှင်းရမယ့် ပြဿနာတွေ ဖြစ်ပါတယ်။ ပြီးရင် ငှက်ပျောကနေပြီးတော့မှ ကျနော်တို့ပြည်သူတွေ တကယ်ရော အလုပ်အကိုင် ဘယ်လောက်အထိ ရရှိနေသလဲဆိုတာတွေကို ကျနော်တို့ တိတိကျကျ ဒေတာကောက်ခံနေပါတယ်။ ဒေတာကောက်ခံထားတာတွေလည်း ကျနော်တို့မှာ ရှိပါပြီ။ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံးသော ဒေသခံတွေ အကျိုးရှိအောင် ကျနော်တို့ လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်”လို့ ဖြေကြားသွားပါတယ်။ “နောက်ထပ် အမျိုးသမီးများနဲ့ ပတ်သက်ပြီးမှ မေးမြန်းတဲ့မေးခွန်းအပေါ်မှာ ပြန်ဖြေရရင် ကျနော်တို့ ပါတီမှာ ဥက္ကဋ္ဌ  ၅ ဦးရှိပါတယ်။ ဥက္ကဋ္ဌ ၅ ဦးမှာ ၂ ဦးက အမျိုးသမီးဖြစ်ပါတယ်။ လက်ရှိ အမျိုးသမီးဥက္ကဋ္ဌ ၂ ဦးစလုံးဟာ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီးများလည်း ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့နယ်က အမျိုးသားလွှတ်တော်မှာ ဆရာမဒေါ်ဒွဲဘူ၊ ဒုဥက္ကဋ္ဌ (၁) ကနေပြီးတော့မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ နောင်မွန် ပြည်နယ်လွှတ်တော်မှာ ကျနော်တို့ရဲ့ ဒုဥက္ကဋ္ဌ (၄) ဖြစ်တဲ့ ဆရာမဒေါ်ဘောက်ဂျာကနေပြီးတော့မှ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အမျိုးသမီးများကို အထူး ဦးစားပေးတဲ့ မူအရ အမျိုးသမီးများ ပါဝင်မှုကို အမြဲတမ်း အလေးထားပါတယ်။ နောက်ထပ် လူငယ်ထဲကနေပြီး ပွဲထုတ်လာတဲ့ အထဲမှာလည်း အမျိုးသမီး နှစ်ဦးပါပါတယ်။ ကျနော်တို့က အမျိုးသမီးများရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးမှ အမြဲတမ်း ဂရုစိုက်တယ်၊ နံဘေးကနေပြီး အကြံဉာဏ်ပေးမှုတွေကို အမြဲတမ်း ကျနော်တို့ လက်ခံတယ်၊ ဒီအပေါ်မှာ ဆွေးနွေးတယ်။ ဒါကြောင့်မို့ အမျိုးသမီးများ ကဏ္ဍဟာ ကချင်ပြည်နယ် ပြည်သူ့ပါတီရဲ့ မူဝါဒမှာ ထည့်သွင်းပေးပြီးမှ နေရာပေး ဦးစားပေးဖို့အတွက် ဆုံးဖြတ်ထားတဲ့ကဏ္ဍဖြစ်တယ်ဆိုတာကို ပြောကြားချင်ပါတယ်” လို့ပြောပါတယ်။ ဒီအစီအစဉ်မှာဆိုရင် ပါတီတွေကို မေးမြန်းတဲ့နေရာမှာ တိုက်ရိုက်မေးမြန်းတဲ့ လူငယ်တွေ ရှိသလို၊ ဗွီဒီယိုတွေနဲ့ ကြိုတင်ရယူထားတဲ့ မေးခွန်းတွေလည်း ရှိပါတယ်။ ဒါ့အပြင် နောက်ထပ်စာတွေနဲ့ ပေးပို့ပြီးမေးလာတဲ့ မေးခွန်းတွေလည်း ရှိပါတယ်။  ပထမဆုံး ပဆီခေါန်နူးက မေးထားတာမှာ ကချင်ပြည်နယ်က လူငယ်တစ်ယောက်အနေနဲ့ ပါတီတွေအများကြီးထဲမှာမှ မဲပေးမယ်ဆိုရင် လူငယ်တွေအတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိလာမလဲ။ ပြီးတော့ တခြားပါတီတွေထက် တမူထူးခြားတဲ့ အကြောင်းအရာ ဘာရှိမလဲဆိုပြီးတော့ မေးထားပါတယ်။ ဒီမေးခွန်းကို (ဒူးလေးပါတီ) ဒုဥက္ကဋ္ဌ  ဦးလီပေါရဲက  “ကျနော်တို့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီထဲမှာ အခု လူကြီးတွေထက် လူငယ်တွေကို ပိုပြီးနေရာပေးလာတယ်။ အခု ကျနော်တို့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း လူငယ်တွေဟာ ၅၀ ရာခိုင်နှုန်းလောက်ရှိတယ်။ သူတို့ကို နေရာပေးထားပါတယ်။ လူငယ်တွေဟာ အနာဂတ်ရဲ့ ကြယ်ပွင့်တွေ ဖြစ်တယ်၊ ခေါင်းဆောင်ကြီးတွေ ဖြစ်လာမယ်။ ကျနော်တို့ သူတို့ကို အခုကတည်းက အပေါ်ကို တင်ပေးချင်ပါတယ်။ ဒါက ကျနော်တို့ပါတီရဲ့ ထူးခြားချက် ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ ပါတီအနေနဲ့တော့ ပါတီတစ်ခုလုံးမှာ လူငယ်ဟာ ကျနော်တို့ ဗဟိုကော်မတီထဲမှာပါသလို၊ မြို့နယ် အဆင့်ဆင့်သော နေရာတွေမှာလည်း လူငယ်ကဏ္ဍတွေ ဖွဲ့စည်းထားပါတယ်။ လူငယ်တွေရဲ့အားကို ရည်ရွယ်တဲ့ ပါတီဖြစ်တယ်ဆိုတဲ့ ကျနော်တို့ပါတီရဲ့ ထူးခြားချက်တစ်ခု ဖြစ်ပါတယ်”လို့ဖြေပါတယ်။ ဒါကတော့ ကချင်ပြည်နယ်အတွင်းထဲက First Time Voters လူငယ်တွေရဲ့ ရင်ဖွင့်စကားသံတွေပဲ ဖြစ်ပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံအရ ဗိုလ်ချုပ်အောင်ဆန်းက ကချင်ပြည်နယ်ရဲ့ မြို့တော်အဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့မှာ ကချင်ပြည်နယ်လို့ ခေါ်ဝေါ်သမုတ်ခဲ့တာကြောင့် အဲဒီနေ့ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်။ အဲဒီနေ့မှာပဲ စီတာပူမနောကွင်းမှာ ပထမဆုံး သမ္မတဖြစ်တဲ့ စဝ်ရွှေသိုက်က ကချင်မနော အောင်ပွဲနေ့ကို စတင် ဖွင့်လှစ်ပေးခဲ့တယ်။ အဲဒီနေ့ရောက်တိုင်း ကချင်ရိုးရာ မနောပွဲကို နှစ်စဉ်ကျင်းပခဲ့ကြတာပေါ့။ ဒါ့အပြင် မြစ်ဆုံရဲ့ သဘာဝအလှတွေကြောင့်လည်း မြစ်ကြီးနားဟာ နာမည်ကျော်ကြားခဲ့ပါတယ်။ ပူတာအိုခရိုင်ဟာ တောင်ကုန်းတောင်တန်း၊ ချိုင့်ဝှမ်းတွေ၊ တောအုပ် မှိုင်းညို့ညို့တွေ ဝန်းရံနေတဲ့ ဒေသတစ်ခုပါ။ အမြင်အတွေးနဲ့တင် လွမ်းမောစရာ ဒေသတစ်ခုပါပဲ။ ရှေးကတော့ ရဝမ်ဒေသလို့လည်း ခေါ်ကြတယ်။ ရှမ်းတို့ ဦးစွာရောက်ရှိ အခြေချခဲ့ရာ ဒေသပေါ့။ ခန္တီးကြီးလို့လည်း ခေါ်ကြတယ်။ ရှမ်းလိုကတော့ ရွှေထွက်ရာဒေသပေါ့။ ပူတောင်းလို့လည်း ခေါ်တယ်။ ပူတောင်းကို အင်္ဂလိပ်တို့သိမ်းပြီး PUTAO လို့ ရေးရာကနေ ပူတာအို ဖြစ်လာခဲ့တာ။  အဲဒီမှာ ပထမဆုံး ခရိုင်ဝန် မစ္စတာဟတ်စ် အုပ်ချုပ်စဉ်က ဆောက်လုပ်ခဲ့တဲ့ ဖို့စ်ဟတ်စ် ခံတပ်လည်း ရှိတယ်။ နှင်းဖုံးတောင်လို့ခေါ်တဲ့ ဂန်လန်ရာဇီ၊ ဖုန်ကန်ရာဇီ၊ ဖန်ကလန်ရာဇီနဲ့ ခါကာဘိုရာဇီ တောင်တို့ဟာ ပူတာအိုခရိုင်မှာ တည်ရှိပါတယ်။ ခါကာဘိုရာဇီတောင်ကတော့ အရှေ့တောင်အာရှမှာ အမြင့်ဆုံးတောင် ဖြစ်သလို၊ တိဘက်-မြန်မာ နယ်စပ်မှာရှိပြီး ဟိမဝန္တာ တောင်တန်းနဲ့ ဆက်နေတာပေါ့။ ခါကာဘိုရာဇီတောင်ခြေမှာတော့ ရဝမ်၊ ယောယင်၊ လီရှော၊ လီဆူတို့အပြင် လူမျိုးသုဉ်းပျောက်ကွယ်လုနီးနီး ဖြစ်နေတဲ့၊ တစ်ဦးတည်းသာ ကျန်တဲ့ ထရုံ လူသားမျိုးနွယ်ကြောင့်လည်း ကမ္ဘာ့မနုဿပညာရှင်တို့အကြား ရင်သပ်ရှုမော၊ တအံ့တသြ ဖြစ်ခဲ့ရာ အထင်ကရနေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဆောင်းပိုး၊ နွေမြက် ဆိုတဲ့အတိုင်း ဆောင်းရာသီ တစ်ရာသီလုံး ပိုးတုံးလုံးဘဝကနေ နွေမှာ နွယ်ပင်အဖြစ် ဘဝပြောင်းသွားတဲ့ ဆေးပိုးနွယ်ပင်လို့ ခေါ်တဲ့ ရှီးပုတီးတို့ ထွက်ရှိရာ ဒေသ။ စိုက်ပျိုးလို့မရ၊ မွေးမြူလို့လည်းမရ၊ အမြင့်ပေ တစ်သောင်းကျော်မှ တွေ့ရှိနိုင်တဲ့ ရှီးပုတီးဟာ ဈေးကွက်ဝင်ပစ္စည်း ဖြစ်ခဲ့ပါတယ်။ ကမ္ဘာမှာ ဘူတန်၊ တိဘက်၊ နိပေါ၊ တရုတ်နဲ့ ပူတာအို ဒေသမှာပဲ တွေ့နိုင်တာပါ။ တကယ်တော့ ကချင်ပြည်နယ်ဟာ အလွန်ထူးခြားပြီး ပဟေဠိဆန်တဲ့ သဘာဝဖြစ်ရပ်တွေနဲ့ ပြည့်နှက်နေတဲ့ ဒေသတစ်ခုပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ လေယာဉ်တွေ တပ်ရင်းလိုက် ပျောက်ဆုံးရာ တရားခံဖြစ်ခဲ့တဲ့ ပြန်လမ်းမဲ့ရေကန်လို့ အမည်တွင်တဲ့ ပဟေဠိရေကန်ဟာလည်း အိန္ဒိယနဲ့မြန်မာ နယ်စပ်မှာ ရှိတယ်လို့ ဆိုကြပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အမွေဖြစ်တဲ့ လီဒိုလမ်းမကြီးဟာလည်း ရှင်ဘွေယံ၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်တို့ကို ဖြတ်ပြီး တရုတ်ပြည် ကူမင်းအထိ ရောက်တဲ့ လမ်းမကြီးပါ။ စတီးဝဲလ် လမ်းမကြီး၊ Burma Road လို့လည်း ခေါ်ကြပါတယ်။ အဲဒီလမ်းမကြီးကို ဖောက်လုပ်ခဲ့တဲ့ စစ်သားတွေကို အင်္ဂလန်နန်းရင်းဝန် ဝင်စတန်ချာချီက ဧရာမ သူရဲကောင်းကြီးတွေလို့ အမွှန်းတင်ခဲ့သလို၊ ဒီလမ်းမကြီးကို ဖောက်တော့ ရာသီဥတုက ဆိုးလွန်းတာကြောင့် အင်္ဂလိပ်စစ်သား ၁၀၀၀ ကျော် ငှက်ဖျားရောဂါနဲ့ သေဆုံးခဲ့ကြရတယ်။  တာဝန်ခံ လမ်းဖောက်တဲ့ ဗိုလ်ချုပ်ကြီးက အရာရှိတွေကို သီးခြားအထူးအခွင့်အရေးနဲ့ ကုသပေးဖို့ ဆရာဝန်ကြီးကို အမိန့်ပေးတော့ ဆရာဝန်ကြီးဒေါက်တာ ဝီလ်ဘာစထရစ်လန်းက နာကျင်မှုမှာ အခွင့်ထူးခံ မရှိဘူး၊ လူတိုင်း နာကျင်မှုကို တန်းတူခံစားတတ်တယ် ဆိုတဲ့ အဲဒီစကားတစ်ခွန်းကလည်း လီဒိုလမ်းမကြီးနဲ့အတူ ကမ္ဘာကျော်သွားခဲ့ပါတယ်။ ဒီကနေ့ ကချင်ပြည်နယ် Any Questions? အစီအစဉ်မှာ ပါဝင်ပြီးတော့မှ ကိုယ်တိုင်မေးခဲ့ကြတဲ့ လူငယ်တွေကိုရော၊ စာနဲ့ပေးပို့ပြီးတော့မှ၊ ဒါမှမဟုတ် ဗီဒီယိုနဲ့ ပေးပို့ပြီးတော့ မေးခွန်းတွေ မေးပေးကြတဲ့ လူငယ်တွေရော၊ လာပြီးတော့ ဖြေပေးကြတဲ့ ပါတီက တာဝန်ရှိတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ Any Questions? အစီအစဉ်ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးကြတဲ့သူ အားလုံးနဲ့အတူ ကြည့်ရှုအားပေးနေတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်တွေကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ဒီအစီအစဉ်ကို အပိုင်းလေးပိုင်း ခွဲပြီးတော့ လာမယ့် သောကြာနဲ့ အင်္ဂါနေ့တွေမှာ DVB ရုပ်မြင်သံကြား အစီအစဉ်ကနေ အပတ်စဉ် ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ နေရီရီ/ နွယ်နီတင်မောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024