Home
မြန်မာသတင်း
စစ်တွေမြို့က CB ဘဏ်ကို lockdown လုပ်ပြီး ဘဏ်ဝန်ထမ်းများကို အသွားအလာကန့်သတ် 
DVB
·
August 17, 2020
117819570_3382283538498822_2820615721418655386_n
ကိုဗစ်-၁၉ လူနာအမှတ် ၃၇၅ အလုပ်လုပ်ကိုင်နေတဲ့ စစ်တွေမြို့က CB ဘဏ်ခွဲကို lockdown လုပ်ထားလိုက်ပြီး အဲ့ဒီက ဘဏ်ဝန်ထမ်းတွေအားလုံးကို အသွားအလာ ကန့်သတ် quarantine လုပ်ထားတယ်လို့ စစ်တွေမြို့နယ် ကျန်းမာရေး ဦးစီးမှူးက ပြောပါတယ်။  အဆိုပါဘဏ်မှာ အလုပ်လုပ်ကိုင်နေတဲ့  ဝန်ထမ်း ၂၇ ယောက်လောက်ဆီကနေ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်ယူပြီး ကိုဗစ်-၁၉ ရောဂါ  စစ်ဆေးသွားမှာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်အမျိုးသမီးတဦးဖြစ်တဲ့ လူနာအမှတ် ၃၇၅ ဟာ ပြည်ပကိုခရီးသွားခဲ့တာ မရှိပေမဲ့ ပြည်တွင်းမှာခရီးသွားရာဇဝင်တွေများတဲ့အတွက် သူနဲ့ ထိတွေ့ခဲ့သူတွေကို လိုက်လံစုံစမ်းနေတယ်လို့လည်း မြို့နယ်ကျန်းမာရေးမှူးက ပြောပါတယ်။  ပိုးတွေ့လူနာနဲ့ တစ်အိမ်ထဲမှာအတူနေထိုင်သူကလည်း ၁၉ ယောက်လောက်ရှိနေပြီး ဖျားနေတဲ့ ကလေးငယ်တစ်ဦးရှိနေပေမယ့် အဲ့ဒီကလေးငယ်က သွေးလွန်တုပ်ကွေးကြောင့် ဖျားတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုပိုးတွေ့တဲ့လူနာဟာ ကျောက်ဖြူနဲ့ ပုဏ္ဏားကျွန်းကို သွားရောက်လည်ပတ်ခဲ့ပြီးနောက် ဩဂုတ် ၁၂ ရက်မှာ ရောဂါလက္ခဏာပြခဲ့ကာ ၁၄ ရက်နေ့မှာတော့   စစ်တွေဆေးရုံမှာတက်ရောက်  စောင့်ကြည့်လူနာ အဖြစ်ထားရှိသူဖြစ်ပါတယ်။ ပြည်ပကိုခရီးသွားခဲ့တာမရှိဘဲ မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်သူတွေ့ရှိခဲ့တာ  ဇူလိုင် ၁၇ ရက်နေ့က နောက်ဆုံးဖြစ်ပြီး အခု တစ်လနီးပါးအကြာမှာ နောက်ထပ် လူနာသစ် တစ်ဦး  ထပ်တွေ့ရတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အတည်ပြုလူနာပေါင်း ၃၇၅ ဦးရှိပြီး ဒီအထဲမှာ ဘယ်ကနေ ရောဂါကူးစက်မှန်း မသိရသူ ၂၀ ဦး ရှိနေပါတယ်။  သတင်း- သင်းသင်းဇော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024