DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ထောက်ပံ့ငွေအတွက် အိမ်က ခွေးအမည် ထည့်သွင်းတောင်းခံမှုရှိနေ   
DVB
·
August 17, 2020
ကိုဗစ်-၁၉ ထောက်ပံ့ငွေအတွက် အိမ်က ခွေးအမည် ထည့်သွင်းတောင်းခံမှုရှိနေ   
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်မှာ အခြေခံလူတန်းစားတွေကိုပေးအပ်တဲ့ ကိုဗစ်ကာလထောက်ပံ့ငွေနဲ့ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေရဲ့ မသမာမှုတွေရှိနေပြီး တိုင်ကြားရာမှာ သက်ဆိုင်ရာက မဖြေရှင်းပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ် ကျေးရွာတချို့မှာ ကိုဗစ်ကာလ အခြေခံ လူတန်းစား ထောက်ပံ့ငွေနဲ့ ပတ်သက်ပြီး ရပ်/ကျေးစာရေးနဲ့ အုပ်ချုပ်ရေးမှူးတွေက လူဦးရေစာရင်း လိမ်လည်တာ၊ အမည်စာရင်းမှာပါရှိပေမယ့်  ထောက်ပံ့ငွေမပေးတာ၊ လယ်ယာမရှိတဲ့ လက်လုပ် လက်စားတွေ ချန်ထားပြီး သူတို့နဲ့နီးစပ်နဲ့ ပိုက်ဆံရှိသူတွေကိုပေးတာ စတဲ့ မသမာမှု တွေလုပ်တာ ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို တိုင်ကြားခဲ့ရာမှာ ခေါ်ပြီးစစ်ဆေးခဲ့ပေမဲ့ အရေးယူဆောင်ရွက်တာ မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ 

ဦးဆောင်တိုင်ကြားသူ တောင်/အုန္နဲဘုတ်ရွာသား ဦးဇော်မျိုးအောင်က “အခြေခံလူတန်းစား စာရင်းကို လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်းဆီက ယူကြည့်လိုက်တဲ့အခါ စာရင်းထဲပါသူနဲ့ ပေးတာနဲ့တခြားစီဖြစ်နေတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို မြို့နယ်ထွေအုပ်ရုံးမှာ တိုင်ကြားခဲ့ပါတယ်။ အဲလို တိုင်ကြားလို့ ရွာသူရွာသားတွေကို ခေါ်ယူစစ်ဆေးတာတွေ လုပ်ပြီးပေမဲ့ အခုချိန်အထိ ဘာမှမထူးခြားဘူး”လို့ ပြောပါတယ်။ 

တောင်/အုန္နဲဘုတ်ရွာက ဆယ်အိမ်မှူးဦးဝင်းကိုကလည်း ရွာခွဲတာဝန်ခံဟာ သူတို့မိသားစု ၆ ယောက်လုံးအတွက် အမည်စာရင်းထည့်ယူထားသလို ရွာမှာမရှိတဲ့အမည်တွေလည်း ထည့်ထားပြီး သူ့အိမ်က ခွေးအမည် ဘိုဖြူဆိုတာတောင် ပါနေတယ်လို့ ပြောပါတယ်။

ကိုဗစ်ထောက်ပံ့ငွေပေးတာနဲ့ပတ်သက်ပြီး အခြေခံလူတန်းစား စာရင်းတွေကို မြို့နယ် ထွေအုပ်ရုံးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဆီကနေတောင်းကြည့်ရာက အခုလို မသမာမှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

အလားတူ ရွာသာကြီးကျေးရွာက တိုင်ကြားမှုမှာလည်း တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဆီ အထိ တိုင်ကြားထားပေမယ့် ဖြေရှင်းပေးခြင်းမရှိသေးဘူးလို့ ဦးဆောင်တိုင်ကြားသူက ပြောပါတယ်။

“ကျမတို့ ရွာမှာဆင်းရဲသားတွေမရပဲ ပိုက်ဆံရှိတဲ့သူတွေရကြလို့ မကျေနပ်လို့ ကျမက ဦးဆောင်ပြီး အခြေခံလူတန်းစား ၁၇၀ လက်မှတ်ထိုးနဲ့ တိုင်ထားတာပါ။ ဝက်လက်မြို့နယ်ကို ကျမတိုင်တာ ၄ လပိုင်း ၈ ရက် ၂၀၂၀ ကတိုင်ခဲ့တာပါ သူတို့ကဘာမှဖြေရှင်းပေးခြင်းမရှိတဲ့အတွက် ၇ ရက်နေ့ ၈ လပိုင်းကျ ဝန်ကြီးချုပ်ဆီကိုထပ်မံ တိုင်ထားပါတယ်။ အဲဒါကိုလည်း သူတို့က စောင့်ပါဦးလို့ ပြောပါတယ်။။ စာရင်းတွေကွာခြားတာကလည်း ဝက်လက်ကနေထုတ်ခဲ့တာက ၇၂၃ အိမ်အတွက် ငွေထုတ်လာခဲ့ပြီး၊ ကျမတို့ရွာမှာစည်းဝေးပြီးပြောတာက ၄၉၂ အိမ်တင်လို့ပြောတဲ့ အတွက် စာရင်းတွေကလဲကွာခြားနေပါတယ်”လို့ ရွာသာကြီးကျေးရွာက ဦးဆောင်တိုင်ကြားသူ ဒေါ်ခင်မို့မို့ က ပြောပါတယ်။

ရပ်ကျေးစာရေးနဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့လုပ်ရပ်တွေကို သက်ဆိုင်ရာ တိုင်း‌ဒေသကြီး လွှတ်‌တော်ကိုယ်စားလှယ်တွေကို အကူအညီတောင်းခံခဲ့ပေမယ့် နှုတ်ဆိတ်နေကြလို့  အခြေခံ လူတန်းစားတွေအနေနဲ့ကလည်း ဒီလိုမသမာမှုတွေကို ဖော်ထုတ်အရေးယူနိုင်တဲ့အဆင့်အထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ အိမ်ထောင်စုပေါင်း ၅၀၀၀၀ ကျော်ရှိတာဖြစ်ပြီး စတုတ္ထအကြိမ်ဝေပြီးတဲ့စာရင်းအရ အခြေခံ လူတန်းစား ဝင်ငွေနည်းပြည်သူအိမ်ထောင်စုပေါင်း ၃၇၀၅၁ စုရှိတာ ဖြစ်ပါတယ်။

သတင်း - အောင်စံလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013