ကြိုတင်မဲပေးရန် လျှောက်ထားသည့် ပြည်ပရောက်မြန်မာ ၄၆၀၀၀ ကျော်ရှိနေ
DVB
·
August 15, 2020
၂၀၂၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးနိုင်ဖို့အတွက် ပြည်ပရှိ မြန်မာသံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ ဩဂုတ် ၁၄ ရက်နေ့အထိ ပုံစံ (၁၅) ဖြည့်စွက် လျှောက်ထားကြသူပေါင်း ၄၆၃၁၇ ဦးရှိနေပြီဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံးတွေက ပေးပို့လာတဲ့ အစိုးရ ခွင့်ပြုချက်နဲ့ နိုင်ငံပြင်ပရောက်ရှိနေသူတွေက ကြိုတင်မဲပေးနိုင်ဖို့ ဖြည့်စွက်လျှောက်ထားတဲ့ အဆိုပြုပုံစံ(၁၅)တွေကို နိုင်ငံခြားရေးဌာနက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မနေ့က ပထမအကြိမ် လွှဲပြောင်းပေးအပ်ခဲ့တာပါ။
ကျန်ရှိတဲ့ ပုံစံ (၁၅) လျှောက်လွှာတွေကို သံရုံးတွေကနေ ထပ်မံပေးပို့လာပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးထံ ဆက်လက်ပေးပို့မယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဆန္ဒမဲပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ နိုင်ငံအလိုက် မြန်မာသံရုံးတွေနဲ့ ကောင်စစ်ဝန်ချုပ်ရုံးတွေမှာ ဇူလိုင် ၁၆ ရက် စတင်ပြီး အဆိုပြုပုံစံ(၁၅) လျှောက်လွှာတွေကို စိစစ်လက်ခံဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
ပြည်ပရောက်မြန်မာတွေ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေဖို့အတွက် မဲပေးခွင့်လျှောက်လွှာ ပုံစံ ၁၅ တွေကို ဩဂုတ်လ ၅ ရက် နောက်ဆုံးထားပြီး ပေးပို့ကြဖို့ သံရုံးတွေက အစက ကြေညာခဲ့ပေမယ့် ရက်ထပ်တိုးပေးထားတာတွေလည်း ရှိပါတယ်။
ပြည်ပနိုင်ငံ အသီးသီးမှာ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ သန်းနဲ့ချီရှိနေတာဖြစ်ပေမဲ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခဲ့သူ အရေအတွက်က သောင်းဂဏန်းလောက်သာ ရှိနေတာဖြစ်ပါတယ်။
ကမ္ဘာတဝန်းမှာ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးဖွင့်လှစ်ထားတဲ့ မြို့ပေါင်း ၄၀ ကျော်ရှိရာမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ပြည်ပရောက် မြန်မာမဲဆန္ဒရှင်တွေ ကြိုတင်မဲပေးခဲ့ကြတဲ့ စုစုပေါင်း အရေအတွက် ၃၀၀၀၀ ကျော်လောက်ပဲ ရှိတယ်လို့ ကော်မရှင်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
ဓာတ်ပုံ- MOFA