ကျောင်းကုန်းမြို့နယ်၌ မဲစာရင်းပါပြီး မှတ်ပုံတင်မရှိသူ ၁၀၀၀၀ ကျော်ကျန်ရှိနေ

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်မှာ အသက် ၁၈ နှစ်ပြည့်လို့ မဲဆန္ဒရှင်စာရင်းမှာ ပါဝင်ပြီး မှတ်ပုံတင် မရှိသူပေါင်း ၁၀၀၀၀ ကျော် ကျန်ရှိနေသေးတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရပါတယ်။ ကျောင်းကုန်းမြို့နယ်မှာ မဲဆန္ဒရှင်စာရင်းမှာ ပါဝင်ပြီး မှတ်ပုံတင်မရှိသူ ၂၀၀၀၀ ကျော်ရှိနေတဲ့အတွက်  အခုကာလအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ၇,၀၀၀ ကျော်ပြီးစီးခဲ့လို့ မှတ်ပုံတင်မရှိသေးသူ ၁၀၀၀၀ ကျော် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိူးဝင်းက “ကျောင်းကုန်းမြို့နယ်မှာ အသက် ၁၈ နှစ်ပြည့်ပြီးသူ တစ်သိန်းနှစ်သောင်းကျော်မှာ မှတ်ပုံတင် မရှိသူ နှစ်သောင်းကျော်ရှိနေလို့ မဲဆန္ဒရှင်စာရင်းမှာ အပေါက်ဖာရန်ရွာပေါင်း  ဆယ်လေးရွာကွင်းဆင်း ဆောင်ရွက်ရာ ခုနှစ်ထောင်ကျော် ပြီးစီးသွားလို့ မှတ်ပုံတင်မရှိသေးသူ တစ်သောင်းကျော် ကျန်နေသေးတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ အသက် ၁၈ ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမမှာ သြဂုတ် ၁၄ ရက်က  ကျင်းပခဲ့တာပါ။ အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊  ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားကို တက်ရောက်လာသူတွေရဲ့ မေးမြန်းချက်တွေနဲ့ ပတ်သက်ပြီး  လောလောဆယ် အသက် ၁၈ ပြည့်ပြီး မှတ်ပုံတင်မရှိသေးသူ အသစ်လုပ်မယ့်သူတွေကို ပထမဦးစားပေးပြုလုပ်ပေးနေကြောင်း ပျောက်ဆုံး၊ ပျက်စီးသူတွေကို ဒုတိယဦးစားပေး ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့  ကျောင်းကုန်းမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ရှိသူက ရှင်းလင်းဖြေကြားခဲ့ပါတယ်။ ကျောင်းကုန်းမြို့နယ် ရွေး‌ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေကို လာမယ့် ၁၇ ရက်နေ့မှာ ထပ်မံတွေ့ဆုံကာ မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေး ထပ်မံဆွေးနွေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ သတင်း-မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ-ဝင်းကြိုင်(ကျောင်းကုန်း)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up