PPP ပါတီ ကိုယ်စားလှယ်လောင်း ၁ ဦး ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်း

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဦးဟာ လွှတ်တော်ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းနေတယ်လို့ ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။ ဦးကျော်ကျော်ဦးဟာ တနင်္သာရီတိုင်းဒေသကြီး  မဲဆန္ဒနယ် အမှတ် (၆) ကနေ အမျိုးသားလွှတ်တော်အတွက် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ဖို့ စာရင်းသွင်းထားသူ ဖြစ်ပါတယ်။   ဦးကျော်ကျော်ဦးရဲ့ မိဘနှစ်ပါးအနက် တစ်ဦးမှာ နိုင်ငံသားမဟုတ်တဲ့အတွက် လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ၁၀(င)နဲ့ ငြိစွန်းနေတယ်လို့ လဝကရဲ့ အထောက်အထား အရသိရတယ်လို့ ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူ ဦးသက်ထူးတင်က ပြောပါတယ်။ "ဒီလွှတ်တော်ကိုယ်စားလှယ်လောင်း မွေးဖွားစဉ်တုန်းက  မိဘတစ်ဦးက နိုင်ငံသားမဟုတ်ဘူးဆိုတဲ့ အချက်နဲ့ ငြိနေပြီ” လို့ ဦးသက်ထူးတင်က ပြောပါတယ်။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ လွှတ်တော်အသီးသီးအတွက် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၉၇ ဦးရှိပြီး လွှတ်တော်ကိုယ်စား လှယ်လောင်းတွေကို ဩဂုတ် ၁၁ ရက်ကနေ ၁၆ ရက်အထိ စိစစ်သွားမယ်လို့ ကော်မရှင်ကနေ  သိရပါတယ်။ သတင်း- ဇင်ဗိုလ်အောင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up