Home
မြန်မာသတင်း
ပွဲစားခ ဘတ် ၁၅၀၀၀ ပေးပြီး ထိုင်းသို့ တရားမဝင် ဝင်လာသည့် မြန်မာ ၁၄ ဦး ဖမ်းဆီးခံရ 
DVB
·
August 14, 2020
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ ပွဲစားကို ဘတ်ငွေ ၁၅၀၀၀ စီပေးပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရတယ်လို့ ဒီကနေ့ အာဆီယံဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။  သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး တရားမဝင် ဝင်ရောက်လာမှုတွေ ရှိနေကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် တာ့ခ်ခရိုင် အမှတ် ၅ နယ်မြေလဝက ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ အဖွဲ့ခွဲပြီး စောင့်ကြပ်နေခဲ့ကြောင်း၊ အဲဒီနောက် မယ်တန့်အုပ်စု သောင်ရင်းမြစ်ကမ်းနဘေး မြက်တောထဲကနေမောင်းနှင်လာတဲ့ မီးခိုးရောင်အီစူးဇူးဒီမက်စ်ကား တစ်စီးကို တွေ့ရကြောင်း၊ အဆိုပါကားမှာ ကားနံပါတ်ပြားတပ်ဆင်ထားခြင်း မရှိတဲ့အတွက် တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းဖို့ အနောက်ကလိုက်မောင်းစဉ် အရှိန်နဲ့ အမြန်မောင်းပြေး သွားလို့ တစ်နာရီကျော်ကြာလိုက်လံဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။  ယာဉ်မောင်းသူမှာ အသက် ၂၄ နှစ်ရွယ်ရှိ နိုင်းထစ်ပ် ဆိုသူဖြစ်ပြီး ထာ့ဆောင်ယန်းက ထိုင်း နိုင်ငံသားဖြစ်ကြောင်း၊ ကားထဲမှာတော့ မြန်မာနိုင်ငံသား အမျိုးသားရော အမျိုးသမီးပါ စုစုပေါင်း ၁၄ ဦးလိုက်ပါလာတယ်လို့ ဆိုပါတယ်။ စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်သွားလုပ်ဖို့ ဝင်ရောက်လာတာဖြစ်ပြီး  အဲဒီအတွက် ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၅၀၀၀ စီ ပေးရတယ်လို့ ပြောပါတယ်။ နိုင်းထစ်ပ်မှာ အရင်ကလည်း တရားမဝင်အလုပ်သမားတွေကို အကြိမ်ကြိမ်ပို့ဆောင်ပေးခဲ့ဖူး လို့ ကြွယ်ဝချမ်းသာနေကြောင်း၊ မြန်မာပြည်ထဲမှာ အလုပ်အကိုင်ရှားပါးပြီး ကုန်ဈေးနှုန်းက ကြီးမြင့်တာကြောင့် နောက်ထပ် ထောင်နဲ့ချီတဲ့အလုပ်သမားတွေ  တရားမဝင် ဝင်ရောက်လာမယ့် အခြေအနေရှိကြောင်း နယ်စပ်သတင်းပေးသူက ရဲတပ်ဖွဲ့ကို ပြောသွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024