ကျူတာလုပ်ရန် ရည်မှန်းထားသည့် မြန်မာစာဂုဏ်ထူးရှင် မောင်ခေတ်မင်းသန့်
DVB
·
August 13, 2020
ခန္ဓာကိုယ်သာမန်ထက်ကြီးထွားမှုနှုန်း နှေးကွေးနေတဲ့ ပုသိမ်မြို့က မြန်မာစာဂုဏ်ထူးရှင် မောင်ခေတ်မင်းသန့်ဟာ ပုသိမ်တက္ကသိုလ်မှာ English မေဂျာတက်ရောက်ပြီး ကျူတာလုပ်သွားဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။
အသက် ၁၇ နှစ်အရွယ် မောင်ခေတ်မင်းသန့်ဟာ ၂၀၁၉-၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပုသိမ်မြို့ အ.ထ.က ( ၂ ) စာစစ်ဌာနကနေ ဝင်ရောက်ဖြေဆိုခဲ့ပြီး မြန်မာစာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာပါ။
သားဖြစ်သူကို ငယ်စဉ်ကတည်းက ပညာတတ်ကြီးဖြစ်အောင်ကြိုးစားဖို့နဲ့ အဓိကစိတ်ဓာတ်ခွန်အားတွေ အမြဲပေးလေ့ရှိပြီး မိခင်ကိုယ်တိုင် စိတ်ဓာတ်ခိုင်မာမှ သားသမီးကလည်း အားမငယ်မှာလို့ ခံယူထားတယ်လို့ မိခင်ဖြစ်သူ ဒေါ်နှင်းနှင်းအေးက ပြောပါတယ်။
ဖခင်ဖြစ်သူ ဦးထွန်းအောင်ကျော်ကတော့ သာမာန်လူတွေနဲ့မတူပေမဲ့ ညဏ်ထက်မြတ်တဲ့သားလေးကို စာပေလိုက်စားဖို့ အမြဲသွန်သင်လေ့ရှိပြီး တစ်ဦးထဲသော သားလေးမို့ အနာဂတ်မှာ သူကျော်ဖြတ်ရမယ့်ကာလတွေအတွက်စိတ်ပူမိတယ်လို့ ပြောပါတယ်။
သူ့ရဲ့သားဖြစ်သူဟာ ခန္ဓာကိုယ် သေးငယ်နေနပေမဲ့ စိတ်ဓာတ်မကျသူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အနာဂတ်အတွက် ပန်းတိုင်ကိုအရောက်လှမ်းမဲ့သူ တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
မောင်ခေတ်မင်းသန့် ကြီးထွားဟိုမုန်းချို့တဲ့ ဝေဒနာကို ခံစားနေရသူဖြစ်ပြီး သူ့ရဲ့ ကျန်းမာရေးအတွက်လည်း ဆေးကုသပေးမှုတွေ ရှိလာခဲ့ပါက ကုသမှုခံယူသွားမယ်လို့ ပြောပါတယ်။
သတင်း- ရွှေရည်ဝင်း