သထုံမြို့နယ်တွင် မှန်လုံယာဉ်တစီး ဓားပြတိုက်ခံရ၊ ၂ ဦး သေဆုံး
DVB
·
June 10, 2013
မွန်ပြည်နယ် သထုံမြို့နယ်မှာ ခရီးသည်တင် မှန်လုံယာဉ် တစီး ဓားပြတိုက်ခံရပြီး လူ ၂ ဦးသေဆုံးသွားတယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ သတင်းထုတ်ပြန်ပါတယ်။
ခရီးသည် ၃၀ လောက် လိုက်ပါလာတဲ့ ရာဇာမင်း မှန်လုံယာဉ်ဟာ ကျိုက္ခမီမှ ရန်ကုန်ကိုအသွား ဇွန် ၈ ရက် ည ၉ နာရီလောက်က သထုံမြို့နယ် တောင်စွန်းကျေးရွားအနီး ခရီးသည်ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးစွပ် အမည်မသိလူ ၅ ဦးက ပစ္စတိုသေနတ် ပစ်ခတ်ပြီး ဓားပြတိုက်သွားတာပါ။
ဓားပြတွေရဲ့ပစ်ခတ်မှုကြောင့် ယာဉ်နောက်လိုက် ဦးနိုင်လင်းထွန်း အသက် ၂၆ နှစ်ဟာ ဦးခေါင်းဒဏ်ရာနဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပြီး ယာဉ်မောင်း ဦးဇော်လင်းထူး အသက် ၃၈ နှစ်ကတော့ ဒဏ်ရာနဲ့ မော်လမြိုင်ဆေးရုံအရောက်မှာ ဇွန် ၉ ရက်နေ့က သေဆုံးသွားပါတယ်။
ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်တွေကတော့ အခင်းဖြစ်ပွားရာနေရာကနေ ရန်ကုန်မြို့ကို တခြားခရီးသည်တင် ယာဉ်လိုင်းကားတွေနဲ့ လမ်းကြုံလိုက်စီးလာခဲ့ရတယ်လို့ ခရီးသည်အချို့က ပြောပါတယ်။
ဓားပြတွေဟာ ခရီးသည်တွေဆီက ရွှေငွေပစ္စည်းတွေလည်း လုယူသွားခဲ့ပြီး သက်ဆိုင်ရာက ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမိဖို့ အမြန်ဆုံးဆောင်ရွက်နေပါတယ်။ ဒီလူတွေဟာ ဘယ်လိုအဖွဲ့အစည်းတွေက ဘယ်သူ၊ ဘယ်ဝါဆိုတာ လိုက်လံ စုံစမ်းနေဆဲဖြစ်တယ်လို့ မွန်ပြည်နယ်၊ ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးကလည်း မီဒီယာတွေကို ပြောကြားထားပါတယ်။
လက်ရှိအခြေအနေမှာတော့ သထုံမြို့နယ် မြို့မရဲစခန်းက တရားလိုပြုလုပ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၉၆ အရ လူသတ်မှု၊ ဓားပြမှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့လည်း ဆိုပါတယ်။