မန္တလေးထောင်တွင် ဆယ်တန်းစာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား ၁ ဦး  ၃ ဘာသာဂုဏ်ထူးထွက်

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အကျဉ်းထောင်ထဲက ဖြေဆိုသွားတဲ့ ကျောင်းသားတယောက်ဟာ မန္တလေးတိုင်းထဲမှာ ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံး ၁၀ ယောက်စာရင်းဝင်ပြီး ၃ ဘာသာ ဂုဏ်ထူးလည်း ထွက်ခဲ့ပါတယ်။ မန္တလေး ဗဟိုအကျဉ်းထောင် (အိုးဘိုထောင်) စာစစ်ဌာနမှာ ခုံအမှတ် မနမ-၅၆၉၅ နဲ့ ဖြေဆိုခဲ့တဲ့ ကျောင်းသားဟာ စာမေးပွဲ ဖြေပြီးနောက် ဧပြီ ၁၇ ရက်မှာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်သွားခဲ့ပါတယ်။ သူဟာ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ဘာသာတို့ဂုဏ်ထူးထွက်ခဲ့သလို မန္တလေးတိုင်းရဲ့ ဝိဇ္ဇာတွဲအမှတ်အများဆုံးစာရင်းမှာ အမှတ်ပေါင်း ၄၆၂ မှတ်နဲ့ အဆင့် ၇ ရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။ တနိုင်ငံလုံးက အကျဉ်းထောင်တွေကနေ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူတွေထဲမှာ ၄ ဘာသာနဲ့ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၄  ယောက်အပါအဝင် ဂုဏ်ထူးရသူ ၇၈ ယောက်ရှိပြီး စုစုပေါင်းအောင်မြင်သူ ၁၀၈ ယောက်ရှိပါတယ်။ အခုနှစ်မှာ တနိုင်ငံလုံး အကျဉ်းထောင် ၁၁ ခုက အကျဉ်းသား ၁၆၂ ယောက်၊ အကျဉ်းသူ ၁၃ ယောက်၊ အချုပ်သား ၂ ယောက်၊ အချုပ်သူ ၁ ယောက်၊ စုစုပေါင်း ၁၇၈ ယောက် ဝင်ရောက် ဖြေဆိုခဲ့ကြတာပါ။ အောင်မြင်သူတွေထဲမှာ ၄ ဘာသာ ဂုဏ်ရှင် ၁ ယောက်၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၁ ယောက်၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၂၈ ယောက်နဲ့ ၁ ဘာသာ ဂုဏ်ထူးရှင် ၃၈ ယောက် ပါဝင်ပါတယ်။ မနှစ်ကထက် ဖြေဆိုသူများလာခဲ့ပြီး အောင်မြင်တဲ့ ရာခိုင်နှုန်းကတော့ ၆၀ ဒသမ ၆၇ ရာခိုင်နှုန်းဖြစ်တာကြောင့် အရင်နှစ်တွေထက် အောင်ချက်ရာခိုင်နှုန်းလည်း တက်လာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up