DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ဆွေးနွေး
DVB
·
June 10, 2013
သမ္မတနှင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ဆွေးနွေး
Donate to DVB

အပစ်အခတ်ရပ် ရှမ်းပြည်တပ်မတော်တောင်ပိုင်း စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်တဲ့အဖွဲ့နဲ့ သမ္မတဦးသိန်းစိန်တို့  ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး အတူတကွ ပူးပေါင်းနေထိုင်သွားကြဖို့ ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန် ဆွေးနွေးသွားတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က အခုလို ပြောပါတယ်။

“ပြည်ထောင်စုမြန်မာနိုင်ငံကနေ မခွဲထွက်ဘဲနဲ့ သီးခြားတိုင်းပြည်တခု မထူထောင်ဘဲနဲ့ အတူတကွ ပူးပေါင်းတည်ထောင်လာတဲ့ ပြည်ထောင်စုကြီးအတွင်းမှာ အေးအတူ ပူအမျှ အတူတကွ နေထိုင်သွားကြဖို့ သမ္မတကြီးက အဲဒီကိစ္စကို အရေးထားပြီး ဆွေးနွေးပါတယ်။”

အစိုးရအနေဖြင့် သူတို့အဖွဲ့နဲ့ အပစ်အခတ်ရပ်ရေး ဆွေးနွေးတုန်းက သဘောတူညီချက် တွေအတိုင်း အကောင်အထည်ဖော်ဖို့ကိုလည်း ဒုဗိုလ်ချုပ်ကြီး ယွက်စစ်က တင်ပြခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“လက်ရှိအစိုးရက မပြေလည်ခဲ့တဲ့ အနှစ် ၆၀ အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေ ချုပ်ငြိမ်းသွားဖို့ နိုင်ငံရေးဆွေးနွေးပွဲ တံခါးတွေ ဖွင့်ပေးတယ်၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လမ်းစရှိလာပြီဖြစ်တဲ့အတွက် အစိုးရက ကမ်းလှမ်းလာတဲ့ ငြိမ်းချမ်းရေးကို ကြိုဆိုပြီး ဒီဖြစ်စဉ်မှာ အတူပါလာရခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရနဲ့အတူ ပူးပေါင်းပြီး အေးချမ်းသာယာဖို့ အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်နိုင်ဖို့၊ သဘောထားရှိကြောင်း ပြန်လည်တင်ပြပါတယ်။ ”

ဒါ့အပြင် တပ်နေရာချထားရေးကိစ္စ၊ အပစ်အခတ်ရပ်စဲရေးမှာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ထားရှိရေး၊ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်ရေးနဲ့ ယုံကြည်မှု ပိုမိုတည်ဆောက်ရေးတွေပါ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအနေဖြင့် သမ္မတနဲ့မတွေ့ခင် ပြည်သူတွေနဲ့ အရင်တွေ့ဆုံတုန်းက လူမှုအခြေပြု အဖွဲ့အစည်းတွေက တင်ပြထားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး  ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က သမ္မတထံ ဆက်ပြီး တင်ပြပေးခဲ့ပါတယ်။

ဥပမာ တဘက်နိုင်ငံကို ဒုက္ခသည်အနေနဲ့ရော၊ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ပါ ရောက်ရှိနေထိုင်နေရတဲ့ ရှမ်းပြည်သူတွေအတွက် သန်းခေါင်စာရင်းထဲ ပါဝင်ခွင့်ရရေး၊ နိုင်ငံသားမှတ်ပုံတင်ရရှိရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတွေ တင်ပြခဲ့တယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

သမ္မတနဲ့ တွေ့ဆုံရာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ အတိုင်ပင်ခံအနေနဲ့ ပါဝင်ခဲ့သူ ဦးခွန်းဆိုင်ကလည်း ဒီတွေ့ဆုံပွဲပေါ်မှာ အခုလို သုံးသပ်ပါတယ်။

“အဓိကကတော့ ဒီလာတာက ကိုယ့်ပြဿနာကို တင်ပြတာလည်း တမျိုးပေါ့။ သို့သော် ပြဿနာကိုဖြေရှင်းဖို့ တဦးနဲ့တဦး သိကျွမ်းရင်းနှီး၊ ယုံကြည်စိတ်ချဖို့လိုတယ်။ ဒါကို အရင်လုပ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လာတယ်။ ရင်းနှီးသိကျွမ်းယုံကြည်ပြီဆို ပြဿနာတွေ ၀ိုင်းဖြေရှင်းလို့ရမယ်။ ဥက္ကဋ္ဌကြီး ယွက်စစ်ကလည်း သမ္မတကြီးမှာ ဘာအခက်အခဲ၊ ပြဿနာတွေရှိနေလဲ၊ ဘာကူညီပေးရမလဲ၊ ကူညီဖို့ အဆင့်သင့်ပါပဲလို့ ပြောသွားပါတယ်။”

ငြိမ်းချမ်းရေးအကျိုးတော်တော်ဆောင် ဦးလှမောင်ရွှေကလည်း ရှမ်းပြည်တပ်မတော်က တင်ပြလာတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နဲ့ ဆက်ပြီးဆွေးနွေးသွားမယ်လို့ သမ္မတက ပြောကြောင်း၊ ဒုဗိုလ်ချုပ်ကြီးယွက်စစ်က သမ္မတကို  ငြိမ်းချမ်းရေး အထိမ်းအမှတ်အနေနဲ့ ဗုဒ္ဓဆင်းတုတော် တဆူပေးအပ်ခဲ့ပြီး အသင့်ပါလာတဲ့ ရှမ်းဝတ်စုံတစ်စုံကို သူကိုယ်တိုင်ဝတ်ဆင်ပေးခဲ့တာဟာ ငြိမ်းချမ်းရေးကို ပိုမိုခိုင်မြဲစေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

သမ္မတနဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့တို့ဟာ နေပြည်တော်မှာ ဒီနေ့မနက် ၁၀ နာရီကနေ ၁၁ နာရီခွဲထိ ၁ နာရီခွဲကြာ တွေ့ဆုံခဲ့ကြပြီး သမ္မတဘက်က ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်မောင်မြင့်၊ ဦးအုန်းမြင့်၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒု-၀န်ကြီး ဦးရဲထွဋ်နဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေပါ ပါဝင်တွေ့ဆုံတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့က စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့အတူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ အတိုင်ပင်ခံ ဦးခွန်စိုင်း၊ စ၀်ပင်ခမ်း၊ ရှမ်းပြည်တပ်မတော်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချူပ် ပေါင်ခေး၊ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးချုပ် စိုင်းလူးနဲ့ အတူ ဗဟိုကော်မတီဝင်တွေပါ စုစုပေါင်း အဖွဲ့ဝင် ၂၂ ဦး လိုက်ပါလာကြတယ်လို့လည်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

သူတို့အဖွဲ့ကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဒီညမှာ ညစာစားပွဲနဲ့ တည်ခင်းဖို့ ဖိတ်ခေါ်ထားပြီး  မနက်ဖြန်မှာ  နေပြည်တော်တ၀ိုက် လေ့လာရေးခရီးစဉ်ရှိကြောင်း၊ အဲဒီနောက် ရန်ကုန်-မန္တလေး-တောင်ကြီးဘက်ကို ခရီးဆက်ဖို့ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တခြားနိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်း၊ ရှမ်းပြည်နယ်က ရပ်မိရပ်ဖ မိဘပြည်သူတွေနဲ့ တွေ့ဆုံကာ နိုင်ငံရေးအမြင်တွေ ဆွေးနွေးဖလှယ်ကြမယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013