DVB Logo
Home
မြန်မာသတင်း
မလေးရှားရောက်မြန်မာများ အိမ်ပြန်ရေးစဉ်းစားပြီ
DVB
·
June 9, 2013
Donate to DVB

မလေးရှားမှာ မြန်မာပြည်သားတွေ တိုက်ခိုက်ခံရမှုတွေ ရက်ဆက်နီးပါးဖြစ်လာတာကြောင့် မလေးရှားရောက် မြန်မာတွေ လုံခြုံမှုမရှိတော့ဘဲ ဌာနေပြန်ဖို့ စဉ်းစားနေကြပါတယ်။

ဇွန် ၇ ရက်နေ့က ပုဆိုးဝတ်မြန်မာနိုင်ငံသား အလောင်းတလောင်းကို ကလန်းအူတာမ (Kalng Utama) မြို့ အမှိုက်ပုံမှာ တွေ့ရှိတဲ့သတင်းကို မလေးရှားက သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဇွန် ၈ ရက်နေ့ကလည်း Kuantan ကွန်တင်းမြို့မှာ ဓားနဲ့ အခုတ်သတ်ခံရပြီး မြန်မာနိုင်ငံသားတဦး သေဆုံးနေတာကို ရဲက တွေ့ရှိခဲ့ကြောင်း ဖော်ပြသလို ဇွန် ၈ ရက်နေ့ မနက်ပိုင်းကလည်း ဆွန်လိုင်းဘက်ဆီဒေသမှာ ကိုယ့်အိမ်ထဲ ကိုယ်အိပ်နေတဲ့ မြန်မာတွေ နေထိုင်ရာအိမ်ကို စပရေး ၁ မျိုးနဲ့ပက်ဖြန်းပြီး အနံ့မခံနိုင်လို့ အပြင်ထွက်လာမှ ၀ိုင်းဝန်းသတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ကွာလာလမ်ပူမြို့ ကပုန်းဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးအိန္ဒိကက မလေးရှားရောက် မြန်မာတွေရဲ့အခြေအနေဟာ ကျီးလန့်စာစား ဖြစ်နေတယ်လို့ ရှင်းပြပါတယ်။

“ပြီးခဲ့တဲ့လ ၂၉ ရက်နေ့ကတည်းက ဖြစ်တာဆိုတော့ ဒီနေ့ထိကို နေ့တိုင်းက တိုက်ခိုက်ခံနေရတယ်။ တချို့သေတယ်။ မနေ့ညက ကြားတာ လူ ၂ ယောက်ကို သတ်ပြီး အမှိုက်ပုံးထဲ ပစ်ထည့်ထားတယ်ပြောတယ်။ နေ့စဉ်ရက်ဆက်ဖြစ်နေတော့ လူတွေ ဘယ်မှမသွားရဲတော့ဘူး။ မြန်မာပြည်ပြန်ဖို့ပဲ လုပ်နေကြတယ်။ ကိုယ့်ဘ၀ကို ကိုယ့်သတိနဲ့ ကာကွယ်နေရတာ။ အိမ်မှာ အိပ်တာတောင် မလုံခြုံတော့ဘူး။ အိမ်ထဲမှာနေရင်တောင် တံခါးတွေ ဖျက်ဝင်ပြီး အနိုင်ကျင့်တဲ့အဆင့် ရောက်နေတာကိုး။”

ဒီလို သတ်ဖြတ်မှုတွေဟာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အနည်းဆုံး ၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ကပုန်းနာရေးကူညီမှုအသင်းက အခင်းဖြစ်ကတည်းက ခုထိ မြန်မာ ၆ ဦးကို သဂြုင်္ိဟ်ပေးခဲ့တယ်လို့ ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောပါတယ်။

မလေးရှားရောက်မြန်မာတွေရဲ့ အခြေအနေကို ဦးစိန်ဝင်းက “မလေးရောက်မြန်မာတွေက အသတ်ခံရမှာကြောက်ပြီး လမ်းလဲမထွက်ရဲတော့ဘူး။ မြန်မာနိုင်ငံရှိ မလေးရှားသံရုံးကို ဖိအားပေးနေတော့ စစ်ဆင်ရေးတွေလုပ်ပြီး နင်းကန်ဖမ်းနေတော့ မြန်မာတွေအများစုဖမ်းခံရတယ်။ အားလုံးကြောက်နေတယ်။ အခုဆို မြန်မာဆိုင်တွေဘာတွေလည်း အရောင်းအ၀ယ်မကောင်းဘူး။ အားလုံးငြိမ်နေတယ်။”

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးကို ထိထိရောက်ရောက် ကူညီဆောင်ရွက်တာနဲ့ ပံ့ပိုးတာ အားနည်းတယ်လို့ ဦးဆန်းဝင်းက ပြောပါတယ်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို မေးမြန်းရာမှာတော့ သံရုံးအနေနဲ့ သံတမန်လမ်းကြောင်းကနေ ဖမ်းဆီးမှုတွေ ဖြစ်ရေး တိုက်တွန်းနေပြီး ထိခိုက်ဒဏ်ရာရသူတွေကို လည်း တတ်နိုင်သလောက်ကူညီနေတယ်လို့ ဖြေပါတယ်။

၂ ပတ်နီးပါး ကြာမြင့်တဲ့ကာလ အကြမ်းဖက်သတ်ဖြတ်မှုတွေကို  မလေးရှားသတင်းစာတွေမှာ အုပ်စုချင်းဖြစ်တဲ့ ပဋိပက္ခအဖြစ် ရေးသားဖော်ပြနေပြီး တရားခံတစုံတဦးကိုမှ ဖမ်းဆီးနိုင်ခြင်းတော့ မရှိသေးပါဘူး။  ဒီအပေါ် လက်ရှိအာဏာရအစိုးရအပေါ် မလေးရှားအတိုက်အခံပါတီတွေက မေးခွန်းထုတ်နေတယ်လို့ ဦးဆန်းဝင်းက ပြောပါတယ်။

မလေးရှားမှာ မြန်မာနိုင်ငံသား ၃ သိန်းခွဲကနေ ၅ သိန်းအကြား ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013