ကျူရှင်စနစ်ပပျောက်ရေး ဆရာ၊ ဆရာမများကို လုံလောက်သည့်လစာပေးရန် တိုက်တွန်း
စိုးမိုးအောင်
·
August 11, 2020
အခြေခံပညာ ဆရာ ဆရာမတွေ ကျူရှင်မသင်ဖို့ဆိုရင် အစိုးရအနေနဲ့လုံလောက်တဲ့ လစာ ပေးသင့်တယ်လို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးမင်းမင်းထွဋ်က ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနကနေ အခြေခံပညာစာသင်ကျောင်းတွေက ဆရာဆရာမတွေကို ကျူရှင်မသင်ဖို့အတွက် ခံဝန်ထိုးခိုင်းမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ကျူရှင်မသင်ဖို့ လက်မှတ်ကောက်ယူတာတွေ၊ ခံဝန်ကတိထိုးခိုင်းတာတွေဟာ နှစ်စဉ်နှစ်တိုင်းလုပ်ဆောင်နေတာ ဖြစ်ပြီး အောင်မြင်မှုမရှိဘူးလို့ ဆိုပါတယ်။
ကျူရှင်သင်တဲ့ ပြဿနာဟာ မြို့ကြီးတွေမှာ ပိုအဖြစ်များသလို ကျောင်းထဲမှာ ထိရောက်တဲ့ သင်ကြားမှုမလုပ်တဲ့အပေါ် ကျူရှင်မသင်ရဘူးဆိုတဲ့ ညွှန်ကြားချက်ကို ထောက်ခံပေမယ့် တဘက် မှာလည်း ဆရာဆရာမတွေဟာ ရတဲ့လုပ်ခလစာနဲ့မလောက်ငှတာကြောင့် လုံလောက်တဲ့လစာ ပေးဖို့လိုတယ်လို့ ဦးမင်းမင်းထွဋ်က ပြောပါတယ်။
အစိုးရကနေ ကျူရှင်မသင်ဖို့ညွှန်ကြားထားတဲ့အပေါ် တိုင်ကြားမှုရှိလာရင်တော့ အရေးယူခံရ ဖို့ရှိတာကြောင့် ကျူရှင်မသင်ကြဖို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟို အလုပ်အမှုဆောင် ကော်မတီက တိုက်တွန်းထားပါတယ်။
အစိုးရကနေ ဆရာဆရာမတွေကို ကျူရှင်မသင်ဖို့ ခံဝန်ထိုးခိုင်းမယ်ဆိုတဲ့အပေါ် ရန်ကုန်မြို့က တချို့ကျောင်းတွေမှာတော့ ညွှန်ကြားချက်မရသေးဘူးလို့ ဆရာမတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့မှာသင်ကြားနေတဲ့ ဆရာဆရာမတွေဟာ ကုန်ကျစရိတ်များတာကြောင့် ကျူရှင်မသင်ရဘူးဆိုရင် လုံလောက်တဲ့လစာ ပေးဖို့လိုတယ်လို့ ဆရာမတစ်ဦးက ပြောပါတယ်။
ကျူရှင်စနစ်ပပျောက်ဖို့ဆိုရင် ကျောင်းသားမိဘ၊ ဆရာ/ကျောင်းသားနဲ့ အစိုးရဌာနဆိုင်ရာ တွေ တက်ညီလက်ညီလုပ်ဆောင်ဖို့လိုသလို ကျောင်းတွေမှာ သင်ကြားရေးအထောက်အကူ ပစ္စည်းတွေ ဖြည့်ဆည်းပေးဖို့၊ သင်ကြားနေတဲ့ ဆရာ/ဆရာမတွေကိုလည်း ကျောသားရင်သား မခွဲခြားဘဲ ဥပဒေနဲ့အညီ အရေးယူဖို့လိုတယ်လို့ ဆရာမတစ်ဦးက ထောက်ပြပါတယ်။
မြန်မာနိုင်ငံမှာ ဆရာဆရာမဦးရေ ၄၉၀၀၀၀ ဝန်းကျင်လောက်ရှိနေပြီး နောက်ထပ် ခေါ်ယူခန့်ထားဖို့လည်း ရှိတယ်လို့ ပညာရေးဌာနက သိရပါတယ်။
ပညာရေးဝန်ကြီဌာန အနေနဲ့ ဆရာဆရာမတွေ ကျူရှင်မသင်ဖို့ ညွှန်ကြားချက်နဲ့ပတ်သက်လို့ အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတွေကို ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။