Home
ရွေးကောက်ပွဲ
မကွေးတိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၈၀ ဦး အမည်စာရင်းတင်သွင်း
DVB
·
August 11, 2020
မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၈၀ ဦး အမည်စာရင်းတင်သွင်းထားတယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်တင့်က “၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၆ ဦးအပါဝင်၊ ပါတီ ၁၄ ခုက ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄၈၀ ဦးရှိတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ ပြည်သူ့လွှတ်တော်အတွက် ၁၃၅ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၆၁ ဦး၊ တိုင်းဒေသကြီး လွှတ်တော်အတွက် ၂၇၃ ဦးနဲ့ ချင်းတိုင်းရင်းသားရေးရာအတွက် ၁၁ ဦးအမည်စာရင်တင်သွင်းခဲ့လို့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းသူ ၆၉ ဦး ပိုများတယ်လို့ သိရပါတယ်။ ပထမအကြိမ်မဲစာရင်းကြေညာတဲ့အခါမှာ မဲဆန္ဒရှင်အရေအတွက် ၃၂ သိန်းခွဲကျော်ရှိပြီး ပထမဆုံးမဲပေးခွင့်ရရှိတဲ့ လူငယ်မဲဆန္ဒရှင် သုံးသိန်းခန့်ရှိပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ မဲရုံတွေမှာ မဲစာရင်း လာကြည့်သူအရေအတွက်ဟာ ၁၀ သိန်းခွဲကျော်ရှိပြီး ၃၂ ဒသမ ၂၆ ရာခိုင်နှုန်းရှိတာကြောင့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲထက် စိတ်ဝင်စားမှုပိုများလာတယ်လို့ ကော်မရှင်က ဆိုပါတယ်။ မဲစာရင်းကပ်ထား ကြေညာတဲ့အခါ အမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ် နံပ◌ါတ် မှားယွင်းတဲ့ အရေအတွက် ၃၂၃၃ ဦးကို ပုံစံ ၄(ဂ)နဲ့ပြင်ဆင်ပေးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင် အမည်စာရင်းမှာ မပါဝင်သူ ၁၂၄၃၂ ဦးကိုလည်း ပုံစံ-၃ နဲ့ ဖြည့်သွင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးမဆုံးရှုံးရအောင် ဒုတိယအကြိမ် မဲစာရင်းကြေညာတဲ့အခါမှာလည်း မိမိကိုယ်တိုင်ဖြစ်ဖြစ် မိသားစုဝင်တွေဖြစ်ဖြစ် မဲစာရင်းကြည့်ရှုဖို့ ရွေးကောက်ပွဲကော်မရှင်က သတင်းမီဒီယာတွေကနေတဆင့် ပညာပေး လှုံ့ဆော်နေပါတယ်။ မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024