မန်ယူအသင်းယူရိုပါလိဂ်ဆီမီးဖိုင်နယ်တက်၊ ချန်ပီယံဖြစ်ရန် နည်းပြဆိုးလ်ရှားမျှော်လင့်

မနေ့ညက  ဂျာမနီမှာ ကျင်းပတဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ  မန်ယူနိုက်တက်ဟာ  ကိုပင်ဟေဂင်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရပြီး  ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားပါတယ်။ ဆိုးလ်ရှားရဲ့အသင်းဟာ ဒိန်းမတ်ကလပ်ကို အချိန်ပိုမှာ ပင်နယ်တီဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီပင်နယ်တီကိုတော့ ဘရူနိုဖာနန်ဒက်စ်က ဂိုးအဖြစ်ပြောင်းလဲပေးခဲ့တာပါ။ ဒီပွဲမှာယူနိုက်တက်အသင်းဟာ ဂိုးကံခေမှု၊ ပြိုင်ဘက် ဂိုးသမားရဲ့လက်စွမ်းပြမှုတွေကြောင့် အချိန်ပိုအထိကစားခဲ့ရတာဖြစ်ပါတယ်။ စည်းမျဉ်းတွေအတိုင်းကစားခဲ့ပြီး စိတ်ရှည်ရှည်နဲ့ အခွင့်အရေးကို စောင့်ဆိုင်းခဲ့တာကြောင့် နောက်ဆုံးမှာအနိုင်ရလဒ်  ရရှိခဲ့တာဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  “ ကျနော်တို့ တိုင်တွေထိပြီး VAR ဆုံးဖြတ်ချက်တွေမှာလည်း ကံခေခဲ့ပါတယ်။ ဒါဟာမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီထက်ပိုကောင်းဖို့ လိုအပ်ပါတယ်။ ကျနော်တို့မှာ တိုးတက်ဖို့လိုအပ်တဲ့ ကဏ္ဍများစွာရှိနေပါတယ်။ ကျနော်တို့အသင်းအနေနဲ့ ဒီနေ့ပွဲစဉ်လိုမျိုးအခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့မယ်ဆိုရင် ရရှိလာခဲ့တဲ့ အခွင့်အရေးတွေကို တိတိကျကျနဲ့ ထိထိရောက်ရောက်ဂိုးအဖြစ်  ပြောင်းလဲဖို့လိုအပ်ပါတယ်။” မန်ချက်စတာယူနိုက်တက်အသင်းဟာ စိတ်သန့်သန့်နဲ့ရှေ့ကို ဆက်လက်တိုက်ပွဲဝင်သွားဖို့လိုအပ်တယ်လို့  နည်းပြဆိုးလ်ရှားက ပြောပါတယ်။ ဆိုးလ်ရှားရဲ့ယူနိုက်တက်အသင်းဟာ ဒီရာသီအတွင်း ပရီးမီးယားလိဂ်နဲ့ FA ပြိုင်ပွဲတို့မှာ ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရပြီး အခုချိန်မှာလည်း ယူရိုပါ လိဂ်ပြိုင်ပွဲရဲ့  ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်ဆီမီးဖိုင်နယ်မှာ  ဝုဗ် ဒါမှမဟုတ်  ဆီဗီလာနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပြီး  အခုပွဲစဉ်ထက် ပိုမိုခက်ခဲတဲ့အနေအထားနဲ့ ရင်ဆို်င်ရဖို့ရှိနေပါတယ်။ ဒါပေမဲ့ ဆိုးလ်ရှားကတော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အနိုင်ရရှိအောင်ယှဉ်ပြိုင်သွား ဖို့အဆင်သင့်ဖြစ်နေပြီလို့  ပြောပါတယ်။ “နောက်ထပ်ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ခုကို ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ဝမ်းသာပါတယ်။ ကျနော်တို့အသင်းဟာ ဒီရာသီယှဉ်ပြိုင်ခဲ့သမျှပြိုင်ပွဲတိုင်းမှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့  ကျနော်တို့ဟာ ဖိုင်နယ်အဆင့်ကိုတက်ရောက်ပြီး ချန်ပီယံအဖြစ်အောင်ပွဲခံသွားဖို့အထိ မျှော်လင့်ထားပါတယ်။ နောက်တစ်ဆင့်မှာ ဘယ်အသင်းနဲ့ပဲတွေ့တွေ့  ဒါဟာကိစ္စမရှိပါဘူး” လို့ နည်းပြ ဆိုရှားက ပြောပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up