A d v e r t i s e m e n t With Us

လူကာကူ၏ စံချိန်တင်သွင်းဂိုးနှင့်အတူ အင်တာမီလန်အသင်း ယူရိုပါလိဂ် ဆီမီးဖိုင်နယ်တက်

ဓာတ်ပုံ - ရိုက်တာ
မနေ့ညက  ဂျာမနီနိုင်ငံ ဒတ်ဆယ်ဒေါ့မှာ ကျင်းပတဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ အင်တာမီလန်အသင်းက လီဗာကူဆင်အသင်းကို  ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး   ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားပါတယ်။ ဒီပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ အင်တာမီလန် တိုက်စစ်မှူး ရိုမီလူ လူကာကူဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၉ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ အင်တာမီလန်အသင်းအတွက် နီကိုလိုဘာရီလာက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး လူကာကူက ဒုတိယဂိုးကို သွင်းယူခဲ့ပြီး ဒါဟာ သူ့ရဲ့ဒီရာသီအတွင်း ၃၁ ဂိုးမြောက်သွင်းဂိုးလည်း ဖြစ်ပါတယ်။ လေဗာကူဆင်အသင်းအတွက် ကိုင်ဟားဗတ်ဇ်က ချေပဂိုးသွင်း ၁ ဂိုး သွင်းယူပေးခဲ့ပေမယ့် လိုအပ်နေတဲ့ နောက်ထပ်ချေပဂိုး ၁ ဂိုးကို မရရှိခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ တကျော့တည်း ကစားရတဲ့စနစ်ဖြစ်တာကြောင့် လေဗာကူဆင်အသင်းဟာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီလည်း ဖြစ်ပါတယ်။  ဂိုးသွင်းယူနိုင်ခဲ့တဲ့ လူကာကူဟာ ယူအီးအက်ဖ်အေ ဒါမှမဟုတ် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၉ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားပြီး ဒီစံချိန်မှာ အဲဗာတန်အသင်းနဲ့ ၂၀၁၄-၁၅ မှာ ကစားခဲ့တဲ့ ၅ ပွဲလည်း ပါဝင်နေပါတယ်။ ဒီပွဲစဉ်မှာ လူကာကူဟာ ပင်နယ်တီ ၂ လုံး ကန်ရမယ့်အခွင့်အရေးကို ရရှိခဲ့ပေမယ့်လည်း VAR နဲ့ ပယ်ဖျက်ခြင်း ခံခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ လေဗာကူဆင် ဂိုးသမား လူးကပ်စ်ဟရာဒတ်ကီ လက်စွမ်းပြခဲ့မှုကြောင့်သာ အင်တာမီလန်အသင်းဟာ ဂိုးထပ်မရတော့တာ ဖြစ်ပါတယ်။ “ကျနော်တို့အသင်းက တိုးတက်နေပါတယ်။ ဒါပေမဲ့ အခွင့်အရေးရရင် ရတဲ့အခွင့်အရေးကို အသုံးချတတ်ဖို့အတွက် ကျနော်တို့ သင်ယူဖို့လိုအပ်နေဆဲ ဖြစ်ပါတယ်။ ဒီညမှာ ကျနော်တို့ ဒီလို မလုပ်နိုင်ခဲ့ပါဘူး” လူကာကူက ပြောပါတယ်။ ဒီပွဲ အနိုင်ရလဒ်ကြောင့် အင်တာမီလန်အသင်းဟာ ၂၀၁၁ ခုနှစ် နောက်ပိုင်း ပထမဆုံးသော ဆုဖလားကို ဆွတ်ခူးနိုင်ရေးအတွက် နောက်ထပ် ၂ ပွဲသာ ဆက်လက်ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ နည်းပြကွန်တီရဲ့ အင်တာမီလန်အသင်းဟာ  ရှက်တာဒိုးနက်စ်နဲ့ ဘဆယ်လ်ပွဲကနေ အနိုင်ရရှိခဲ့တဲ့ အသင်းနဲ့  သြဂုတ် ၁၇ ရက်မှာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ  ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up