ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်လောင်း ၇ ဦး ရွေးကောက်ပွဲဝင်မည်
နန်းမြနဒီ
·
August 10, 2020
လာမယ့်နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအခြေစိုက် ရှမ်းပြည်ကိုးကန့်ဒီမိုက ရက်တစ်ပါတီက ကိုယ်စားလှယ်လောင်း ၇ ဦးနဲ့ မြို့နယ် ၂ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်း ၇ ဦးလုံးမှာ အမျိုးသားတွေဖြစ်ပြီး ကိုးကန့်ဒေသ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ် ၂ ခုရှိ မဲဆန္ဒနယ်မြေတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာလို့ ပါတီအထွေထွေအတွ င်းရေးမှူး ဦးမြင့်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ကိုးကန့်ဒေသမှာ နိုင်ငံရေးအတွေးအခေါ်တွေ ပညာရေးပိုင်းမှာတွေ အားနည်းနေသေးတော့ အမျိုးသမီးအမတ်လောင်းလည်း မရှိပါဘူးခင်ဗျာ။ ဝင်ပြိုင်မှာက အမျိုး သားတွေချည်းပါ။ ကုန်းကြမ်း နဲ့ လောက်ကိုင်မြို့နယ်မှာ အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်သူ့လွှတ်တော် ၁ နေရာစီနဲ့ ပြည်နယ်လွှတ်တော် ၂ နေရာစီ ဝင်ပြိုင်ကြမှာပါခင်ဗျ။”
ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ ရည်မှန်းချက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲ ရေးနဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုပေါ်ထွန်းရေးတို့ဖြစ်ပြီး ရွေးကောက်ပွဲမှာ ကိုယ်စား လှယ်လောင်းတွေ အနိုင်ရမယ်ဆိုရင် ပညာရေးဖွံ့ဖြိုးရေးကို ဦးစွာဆောင်ရွက်မှာဖြစ်ပြီး အဲဒီနောက် ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ ဆောင်ရွက်သွားမယ်လို့ သူကဆက်ပြောပါတယ်။
လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ အဆိုပါမြို့နယ် ၂ ခုတွင်း ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP) အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) တို့လည်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
်အဲဒီမြို့နယ် ၂ ခုမှာ ကိုးကန့်တိုင်းရင်းသားတွေ ၅ သောင်းကျော်ရှိပေမယ့် အများစုက မြန်မာစာမတတ်တာကြောင့် မဲဆန္ဒရှင်အမည်စာရင်းမှာ မိမိအမည်ပါမပါကို မကြည့်တတ်တဲ့အခက်အခဲရှိနေပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသု တပိုင်းတွေမှာလည်း အားနည်းနေသေးတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီဟာ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်က စတင်ထူထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ ကွန်းလုံမဲဆန္ဒနယ်မြေကနေ ၁ နေရာ အနိုင်ရခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ ပါတီမှတ်ပုံပြန်တင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ တနေရာမှ မနိုင်ခဲ့ပါဘူး။ လက်ရှိ ပါတီဥက္ကဋ္ဌကတော့ ဦးအန်တိုနီစူ ဖြစ်ပါတယ်။