DVB Logo
Home
မြန်မာသတင်း
မလေးရောက်မြန်မာများ သံရုံးရှေ့ဆန္ဒပြ
DVB
·
June 7, 2013
Donate to DVB

လက်ရှိမလေးရှားမှာ ဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သတ်ပြီး မလေးရှားနိုင်ငံအခြေစိုက် မြန်မာသံရုံးက တစုံတရာအရေးယူဆောင်ရွက်တာမရှိတဲ့အတွက် မလေးရှားရောက် မြန်မာတွေ ဆန္ဒပြခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာတွေ အထိတ်တလန့်နဲ့ ပြေးလွှားနေရတာတွေကို မြန်မာသံရုံးက တစုံတရာ ဆောင်ရွက်ပေးခြင်း မရှိတဲ့အပြင် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို သာမန်ဖြစ်ရပ်သဘောမျိုး ပြောဆိုခဲ့တဲ့ အပေါ် မကျေနပ်လို့ ဆန္ဒပြတာလို့ ပါဝင်ဆန္ဒပြသူ ကပုန်းနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုဆန်းဝင်းက ပြောပါတယ်။

ဇွန်လ ၆ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေစုပြီး သံရုံးကို သွားရောက် ဆန္ဒပြခဲ့ပါတယ်။ ရဲတွေက သံရုံးရှိတဲ့နေရာကို သွားရောက်ခွင့်မပေးလို့ ကျန်တဲ့လူတွေ လှည့်ပြန်ခဲ့ရပေမယ့် ကိုဆန်းဝင်း အပါအ၀င် လူအနည်းငယ် သံရုံးရှေ့မှာ သွားရောက် ဆန္ဒပြခွင့်ရတယ်လို့ ဆိုပါတယ်။

ဆန္ဒပြရတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ ကိုဆန်းဝင်းက

“မလေးရှားနိုင်ငံရော မြန်မာလူမျိုးတွေ အသတ်ခံရတာ၊ ဓားထိုးခံရပြီး အပြင်းအထန် ဒဏ်ရာရပြီး ဆေးရုံတက်နေရ၊ အထိတ်တလန့်ပြေးလွှားနေရတယ်။ ယနေ့အချိန်ထိ သေဆုံးနေတယ်၊ ထွက်ပြေးနေရတယ်၊ အိမ်တွေပေါ် ဓားနဲ့တက်ခုတ်တယ်။ ဒါတွေကို မြန်မာသံရုံးက မျက်ကွယ်ပြုနေလို့ အားလုံးသိအောင်၊ ပွင့်လင်းမြင်သာအောင် ဆန္ဒပြတာ။ နောက် ရည်ရွယ်ချက်က သေဆုံးသွားသူတွေ၊ အသတ်ခံရသူတွေကို မြန်မာသံရုံးက အလောင်းင်္သြဂိုဟ်ဖို့ စာထုတ်ပေးဖို့၊ ကျန်ရစ်သူမိသားစုတွေကို နစ်နာကြေး၊ ထောက်ပံ့ကြေးတွေပေးဖို့။ ဒဏ်ရာရသူ လူနာတွေရဲ့ အသုံးစရိတ်တွေပေးဖို့၊ လူနာတွေကို ဆေးရုံမှာ အားပေးစကားပြော သွားကြည့်ပေးဖို့နဲ့ ဖြစ်ဖြစ်ချင်းနေ့မှာ သံအမတ်ကြီး ဦးတင်လတ်က ဒီကိစ္စတွေက ပုံမှန်ဖြစ်နေတာ၊ ဘာမှမဟုတ်ပါဘူး၊ မူးယစ်သောက်စားပြီးဖြစ်တာဆိုပြီး မြန်မာ့အသံမှာ ပြောတာတွေကို သူမှားတယ်ဆိုတာကို တောင်းပန်ပေးဖို့ ဒါတွေ တောင်းဆိုပါတယ်။” လို့ ပြောပြပါတယ်။

ဆန္ဒပြတာကို သံရုံးက လာရောက်ညှိနှိုင်းဆွေးနွေးတာတွေကို မလုပ်ဘဲ သံရုံးအတွင်းကနေ ဗွီဒီယို ကင်မရာတွေနဲ့ မှတ်တမ်းတင်တာတွေရှိတယ်လို့ သူက ပြောပါတယ်။

အရင်ရက်ပိုင်းက မလေးရှား ဆာလာရန်းဈေးမှာ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့အတွက် မြန်မာ အလုပ်သမား ၂ ဦး သေဆုံးပြီး၊ မြန်မာတချို့ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ မလေးရှားမှာ အလုပ်လုပ်နေတဲ့ သိန်းနဲ့ချီတဲ့ မြန်မာတွေကို အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။

ဒီဖြစ်ရပ်အပြီးမှာတော့ မလေးရှားရောက် မြန်မာအလုပ်သမားတွေကို မလေးရှားရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စီမံချက်နဲ့ ဖမ်းဆီးခဲ့တဲ့အတွက် ရာနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013