လောက်ကိုင်နှင့် လွိုင်လင်တွင် ကျပ်သိန်း ၄၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

ဓာတ်ပုံ-Ministry of Home Affairs, Myanmar
ရှမ်းပြည်နယ် လောက်ကိုင်မြို့နဲ့ လွိုင်လင်မြို့နယ်တို့မှာ ငွေကျပ်သိန်း ၄၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေးက သြဂုတ် ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဩဂုတ် ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လောက်ကိုင်မြို့၊ အမှတ် ၃ ရပ်ကွက်၊ စွမ်းဖုန်းလမ်းရှိဟိုတယ်အားရှာဖွေရာ လော်ချိန်ရိန်း၊ လီကျားနိမ်နဲ့ လီဖားမင်တို့ ၃ ဦးနဲ့အတူ ငွေကျပ်သိန်း ၂,၀၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၈,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပါတယ်။ အလားတူ လွိုင်လင်မြို့နယ်မှာလည်း ငွေကျပ်သိန်း ၂,၁၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီလောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်းမှာ မောင်ထွန်းမောင်းနှင်ပြီး ထွန်းရွှေ၊ အူသက်ကျန်းနဲ့ ကျော်စိုး(ခ)ရိုဆန်ကူးမား(ခ) ဘီနိုကူးမားတို့ လိုက်ပါလာတဲ့ Mark II အမျိုးအစားမော်တော်ယာဉ်အားရပ်တန့်ရှာဖွေရာက မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တာပါ။ ယာဉ်အတွင်း ဘိန်းဖြူ ၇ ဒ ၄၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈,၀၀၀ ပြား၊ မြန်မာငွေ ၂၈၅,၀၀၀  ကျပ်နဲ့ လက်ကိုင်ဖုန်း ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးမိခဲ့တဲ့သူတွေကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဉပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up