Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ အကျဉ်းထောင်အသီးသီးက ၁၀၈ ဦးအောင်မြင်၊ ဂုဏ်ထူးရသူ ၇၈ ဦးရှိ
ပိုင်စိုး
·
August 9, 2020
တနိုင်ငံလုံးက အကျဉ်းထောင်တွေကနေ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူတွေထဲမှာ ၄ ဘာသာနဲ့ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၂  ယောက်အပါအဝင် ဂုဏ်ထူးရသူ ၇၈ ယောက်ရှိပြီး စုစုပေါင်းအောင်မြင်သူ ၁၀၈ ယောက်ရှိပါတယ်။ အခုနှစ်မှာ တနိုင်ငံလုံး အကျဉ်းထောင် ၁၁ ခုက အကျဉ်းသား ၁၆၂ ယောက်၊ အကျဉ်းသူ ၁၃ ယောက်၊ အချုပ်သား ၂ ယောက်၊ အချုပ်သူ ၁ ယောက်၊ စုစုပေါင်း ၁၇၈ ယောက် ဝင်ရောက် ဖြေဆိုခဲ့ကြတာပါ။ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ အကျဉ်းဦးစီး စာဖြေဌာနတွေကနေ ဝင်ရောက်ဖြေဆိုသူ ၁၉၂ ယောက်မှာ ၁၁၃ ယောက် အောင်မြင်တယ်လို့ ဆိုပါတယ်။ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုညွှန်မှူး ဦးရဲရင့်နိုင်က “တချို့က ဖြေနေရင်း လွတ်သွားတာရှိတော့ ကျနော်တို့က မြေပြင်က စာရင်းကိုပဲယူတာပါ။ ပညာရေးကတော့ ကျနော်တို့ဆီက စာရင်းတင်ခဲ့တဲ့အတိုင်း ထုတ်ပြန်တာပေါ့” လို့ ပြောပါတယ်။ အောင်မြင်သူတွေထဲမှာ ၄ ဘာသာ ဂုဏ်ရှင် ၁ ယောက်၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၁ ယောက်၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၂၈ ယောက်နဲ့ ၁ ဘာသာ ဂုဏ်ထူးရှင် ၃၈ ယောက် ပါဝင်ပါတယ်။ ၄ ဘာသာ ဂုဏ်ထူးရှင်ဟာ အင်းစိန်ထောင်ကနေ ဖြေဆိုခဲ့တဲ့ အကျဉ်းသားဖြစ်ပြီး အကျဉ်းသူတွေထဲမှာ ၂ ဘာသာ ဂုဏ်ထူးရှင် ၃ ယောက်နဲ့ ၁ ဘာသာ ဂုဏ်ထူးရှင် ၄ ယောက်ပါတယ်လို့ ဦးရဲရင့်နိုင်က ပြောပါတယ်။ အကျဉ်းသူ အချုပ်သူ ၁၄ ယောက်ဖြေတာမှာ ၈ ယောက် အောင်မြင်ပြီး ၇ ယောက်က ဂုဏ်ထူးနဲ့ အောင်ကြတာပါ။ မနှစ်ကထက် ဖြေဆိုသူများလာခဲ့ပြီး အောင်မြင်တဲ့ ရာခိုင်နှုန်းကတော့ ၆၀ ဒသမ ၆၇ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒါဟာလည်း အရင်နှစ်တွေထက် အောင်ချက်ရာခိုင်နှုန်း တက်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ဖြေသူဆို ၁၇၁ ယောက်ရှိခဲ့ပြီး ၃ ဘာသာ ဂုဏ်ထူး ၄ ယောက်၊ ၂ ဘာသာဂုဏ်ထူး ၁၆ ယောက်၊ တဘာသာဂုဏ်ထူး ၂၁ ယောက်၊ ရိုးရိုးအောင်သူ ၅၃ ယောက်ရှိပါတယ်။ မနှစ်က အကျဉ်းထောင် ၉ ခုကနေ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဒီနှစ်မှာတော့ ၁၁ ခုကနေ ဝင်ရောက်ဖြေဆိုကြပေမယ့် အင်းစိန်၊ မန္တလေး၊ တောင်ငူနဲ့ ကသာထောင်တို့ကပဲ အောင်မြင်ခဲ့ကြပါတယ်။ အင်းစိန်ထောင်က ဖြေဆိုသူ ၈၅ ယောက်မှာ ၅၈ ယောက် အောင်မြင်ပြီး ၄ ဘာသာ ဂုဏ်ထူး ၁ ယောက်၊ ၃ ဘာသာဂုဏ်ထူး ၃ ယောက်၊ ၂ ဘာသာဂုဏ်ထူး ၆ ယောက်နဲ့ ၁ ဘာသာဂုဏ်ထူး ၂၄ ယောက် ရှိပါတယ်။ မန္တလေး အိုးဘိုထောင်က ၆၉ ယောက်ဖြေတာမှာ ၄၈ ယောက်အောင်မြင်ပြီး ၃ ဘာသာဂုဏ်ထူး ၈ ယောက်၊ ၂ ဘာသာဂုဏ်ထူး ၂၂ ယောက်၊  တဘာသာဂုဏ်ထူး ၁၄ ယောက်ရှိပါတယ်။ တောင်ငူထောင်နဲ့ ကသာထောင်တို့ကတော့ ၁ ယောက်စီပဲ ရိုးရိုးအောင်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024