မြို့တော်ဘန်ကောက်တွင် လူ ၁၀၀၀ ကျော် ချီတက်ဆန္ဒပြ

ဆန္ဒပြခေါင်းဆောင် ၂ ယောက် ဖမ်းခံထိန်းသိမ်းခံရပြီးနောက် ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်က စီးပွားရေး အချက်အချာခရိုင်ထဲမှာ အစိုးရဆန့်ကျင်ရေး လူ ၁၀၀၀ ကျော် သြဂုတ် ၈ ရက်က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ အသက် ၃၅ နှစ်အရွယ် လူ့အခွင့်အရေးရှေ့နေ အာနွန်နမ်ပါနဲ့ ကျောင်းသား တက်ကြွလှုပ်ရှားသူ အသက် ၂၃ နှစ်အရွယ် ပါနုပွန် ဂျဒ်နော့ခ်တို့ဟာ သြဂုတ် ၇ ရက်က တရားစွဲ ခံခဲ့ရတာပါ။ သူတို့ဟာ ဒီမိုကရေစီစံနှုန်းတွေ ပိုရရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်မှုအတွက် ထိန်းသိမ်းခံထားရပါတယ်။ အဲဒီနောက် စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးမှုကို ဆိုင်းငံ့ပြီး သူတို့ကို သြဂုတ် ၈ ရက်နေ့က အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရပ်တံ့ရေး အရေးပေါ်ဥပဒေကို ချိုးဖောက်မှုနဲ့ အစိုးရကို ဆန့်ကျင်ရေး အားပေးမှုတွေအပါအဝင် စွဲချက်တွေနဲ့ သူတို့ ၂ ယောက်ကို စွဲဆိုထားပါတယ်။  ဆန္ဒပြသူတွေက ရဲတွေ ထွက်သွား၊ အာဏာရှင် ကျဆုံးပါစေ စတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေရဲ့ သင်္ကေတ ဖြစ်တဲ့ လက်ချောင်း ၃ချောင်းနဲ့ အလေးပြုခဲ့ကြပါတယ်။  ဆန္ဒပြသူတွေက လွှတ်တော်ကို ဖျက်သိမ်းပြီး အခြေခံ ဥပဒေပြင်ဆင်ဖို့နဲ့ ရွေးကောက်ပွဲ အသစ် ကျင်းပဖို့ တောင်းဆိုနေကြပါတယ်။ မနှစ်က အငြင်းပွားဖွယ် ရွေးကောက်ပွဲမှာ ၂၀၁၄ စစ်အာဏာသိမ်းခေါင်းဆောင် ပရာယွတ်သ် ချန်အိုချာက ဆက်အာဏာရတာ သေချာအောင် ထိန်းကျောင်းသွားတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပြီးတဲ့နောက် အစိုးရဖယ်ရှားရေး ဆော်သြတဲ့ လမ်းပေါ် ဆန္ဒပြပွဲတွေ ပြန်ပေါ်ထွက်လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up