DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများ အနုပညာပွဲတော် ပထမဆုံးအကြိမ် ကျင်းပမည်
DVB
·
June 7, 2013
Donate to DVB

အနဂ္ဃရောင်စဉ်လို့ အမည်ပေးထားတဲ့ မြန်မာနိုင်ငံက မသန်စွမ်းသူတွေရဲ့ အနုပညာ ပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် လာမယ့် အောက်တိုဘာ ၁၇ ကနေ ၁၉ ရက်အထိ  ရန်ကုန်မြို့ အမ်စီစီခန်းမမှာ ၃ ရက်ကြာ ကျင်းပမယ်လို့  ပွဲတော်ကျင်းပရေးအဖွဲ့က ပြောပါတယ်။

ဒီပွဲဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပတဲ့ မသန်စွမ်းသူတွေရဲ့ ပထမဆုံး အနုပညာပွဲတော် ဖြစ်တဲ့အကြောင်းနဲ့ ဒီဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး  ပွဲတော်ကျင်းပရေးရုံးက တာဝန်ခံ ဒေါ်ဇင်မာဖြူ က ခုလိုပြောပါတယ်။

“အနဂ္ဃဆိုတာ အဖိုးမဖြတ်နိုင်တဲ့ ရောင်စဉ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပေးထားတာပါ။ မသန်းစွမ်းပွဲတော်ကို တတိုင်းပြည်လုံးက အလွှာအတန်းစား အသီးသီးက လူတွေပါတယ်။  ဒီပွဲတော်ကလည်း မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတယ်ဆိုတဲ့ အထိမ်းအမှတ်နဲ့ပါ။”

ဒီပွဲတော်အတွက်  နာမည်ကျော်အဆိုတော်တွေဖြစ်တဲ့ ဇော်ဝင်းထွဋ်နဲ့ ချစ်သုဝေတို့ကို လည်း မသန်စွမ်းသူများအတွက် သံတမန်အဖြစ် ခန့်ထားပြီး  ဒီပွဲမှာ ပါဝင်အားဖြည့် ကူညီပေးသွားဖို့ ရှိပါတယ်။

အဆိုတော်ဇော်ဝင်းထွဋ်ကတော့  မသန်စွမ်းသူတွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ ပါဝင်ကူညီရတာလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ message ပေးချင်တာက ခန္ဓာကိုယ်ကို မြင်ရတဲ့ အစိတ်အပိုင်းတွေက လာတာမဟုတ်ဘူး။ ကျနော်တို့ မမြင်ရတဲ့ အထဲမှာရှိတဲ့ စိတ်ဓာတ်အင်အားနဲ့ဆိုင်တယ်ဆိုတဲ့ message လေးပေါ့။ မသန်စွမ်းသူတွေကိုလည်း ကျနော်က ဒီလိုပြောတယ်။ အပြင်လူတွေကိုလည်း သူတို့ကို သနားစရာလည်း မလိုဘူး၊ ဖယ်ထားစရာလည်း မလိုဘူး၊ တန်းတူ ပုံမှန်ဆက်ဆံဖို့ အဲဒီ message လေး ပေးမှာပေါ့။”

အနဂ္ဃရောင်စဉ်ပွဲတော်မှာ အဓိက အသုံးပြုမယ့်သီချင်းအတွက် ကိုယ်အင်္ဂါ၊ ဥာဏ်ရည်၊ အမြင်အာရုံ၊ အပြောနဲ့ အကြားအာရုံ မသန်စွမ်းသူတွေရဲ့ စွမ်းဆောင်နိုင်မှုတွေကို ဖော်ကျူးထားတဲ့စာသားတွေ ပါဝင်တဲ့ တေးသီချင်းပြိုင်ပွဲလည်း ဖိတ်ခေါ်ထားပြီး အရွေးချယ်ခံရတဲ့သီချင်းတွေကို ကျပ်ငွေ ၃ သိန်း ချီးမြှင့်သွားမယ်လို့လည်း ကြေညာ ထားပါတယ်။

သီချင်းအမျိုးအစားက ခေတ်ပေါ်သီချင်းရော၊ မြန်မာသံစဉ်တွေပါ ပါဝင်ပြီး  တေးရေး တင်ဦးသောင်း၊ အောင်နိုင်စန်း၊ အဆိုတော် ဂျေညီညီစသူတို့က ပေးပို့လာတဲ့ သီချင်းတွေကို အကဲဖြတ်ရွေးချယ်မှာ ဖြစ်ပါတယ်။

အနုပညာပွဲတော်မှာ အဆို၊ အက၊ အတီး၊ အငြိမ့်၊ ပြဇာတ်နဲ့ ကဗျာစတဲ့ မသန်စွမ်းသူတွေရဲ့ နိုင်ငံတ၀န်းက မသန်စွမ်းသူတွေရဲ့ ကဏ္ဍစုံဖျော်ဖြေပွဲတွေ ပါဝင်မှာပါ။   ရန်ပုံငွေပံ့ပိုးပေးမယ့် အလှူရှင်အပေါ် မူတည်ပြီး လာရောက် ကြည့်ရှူအားပေးကြမယ့်သူတွေအတွက် ၀င်ကြေးကောက်ဖို့၊ မကောက်ဖို့ ဆုံးဖြတ်သွားမယ်လို့ ပွဲတော်ကျင်းပရေးရုံးက သိရပါတယ်။

သီချင်းဆိုပြိုင်ပွဲမှာ အရွေးချယ်ခံရတဲ့ မသန်စွမ်းသူများ သီဆိုထားတဲ့ တေးသီချင်းတွေ ရွေးပြီး စီးရီးထုတ်ပေးဖို့လည်း စီစဉ်နေတယ်လို့ အဆိုတော်ဇော်ဝင်းထွဋ်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013