ဘားအံသမိုင်းဝင်ဘောလုံးကွင်းမြေနေရာ သာသနာ့ဗိမာန်တော်တည်ဆောက်မည့်အပေါ် ကန့်ကွက်
DVB
·
August 8, 2020
ကရင်ပြည်နယ်၊ ဘားအံမြို့ သမိုင်းဝင်ဘောလုံးကွင်းမြေနေရာ တချို့ကို သာသနာ့မြေအဖြစ်လွှဲပြောင်းပြီး သာသနာ့ဗိမာန်တော်တည်ဆောက်ခွင့်ပြုတာနဲ့ပတ်သက်ပြီး သဘောမတူကန့်ကွက်သလို ပြည်ထောင်စုအဆင့်ထိ တင်ပြသွားမယ်လို့ မြို့မဘောလုံးကွင်း လူထုလက်ဝယ်ပြန်လည်ရရှိရေး ကြိုးပမ်းမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ရွှေက ဒီဗွီဘီကို ပြောပါတယ်။
ဘားအံမြို့၊ အမှတ် ၃ ရပ်ကွက် မြို့မြေဂရန်အမည်ပေါက် ဧရိယာ ၂ ဒသမ ၅၅၆ ဧကထဲက မြေဧရိယာ ၀ ဒသမ ၉၂၇ ဧကကို သာသနာ့ဗိမာန်တော်တည်ဆောက်ဖို့ ပြည်နယ်အစိုးရက ခွင့်ပြုပေးလိုက်တာနဲ့ပတ်သက်ပြီး အခုလိုပြောဆိုလိုက်တာပါ။
"အစိုးရ မလုပ်သင့်မလုပ်ထိုက်ဘူး။ ဒါကြောင့်မို့ ဒီကွင်းနဲ့ပတ်သက်ပြီး သာသနာ့ အဆောက်အဦ ဆောက်မယ့်ဆိုရင် ကန့်ကွက်ဖို့ရှိတယ်။ ဒီကွင်းပြန်လည်ရရှိရေး ပြည်ထောင်စုအစိုးရအထိ တင်ပြဖို့ အစီအစဉ်ရှိတယ်။ လက်ရှိအစိုးရ လုပ်ဆောင်ချက်ကို သဘောမတူဘူး ကန့်ကွက်တယ်ဆိုတာ အလေးအနက်ပြောလိုတယ်။”
ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး ဘဒ္ဒန္တဉတ္တက "လာမယ့်နှစ်တွေမှာ သံဃာတော်တွေ စိတ်ချမ်းချမ်းသာသာ ကိုယ်ချမ်းသာနဲ့ အဆင်ပြေချောမွေ့အောင် စာပေကဏ္ဍတွေ၊ စာမေးပွဲတွေ ကျင်းပနိုင်ဖို့အတွက် လိုအပ်လာပြီ။ ဒါကြောင့် သုံးသပ်ပြီးတော့ လေ့လာပြီးတော့ ဆုံဖြတ်ပေးကြဖို့ လိုအပ်တဲ့ အကြံဉာဏ်များပြုပေးဖို့"မိန့်ကြားပါတယ်။
ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး ဉီးဆောင်ပြီး ၁၆ ပါး စုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာမှာ ကြွရောက်လာတဲ့ သံဃာတော်တွေက သဘောတူကြောင်း၊ ဗိမာန်အတွက် လိုအပ်တဲ့ မြေပမာဏ လုံလောက်မှုမရှိရင် တိုးချဲ့မြေရရှိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ထံ ထပ်မံအလှူခံညှိနှိုင်းသွားဖို့၊ သာသနာ့ဗိမာန်ပတ်ဝန်းကျင်အတွင်း ဆိုင်ခန်း သို့မဟုတ် သာသနာတော်နဲ့ လိုက်ဖက်တင့်တယ်မှုမရှိတဲ့ အဆောကျအဦတွေ မဆောက်လုပ်စေဖို့အတွက် အစိုးရအဖွဲ့နဲ့ ညှိနှိုင်းသွားဖို့ဆိုတဲ့ အချက် ၃ ချက်ကို တက်ရောက်လာတဲ့ ဆရာတော်တွေက ယာယီသဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။
နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မိုးကယ်ဆရာတော်ဦးဆောင်ပြီး ဆရာတော်တွေက လက်မှတ်ရေးထိုးပြီး သာသနာ့ဗိမာန်တည်ဆောက်ဖို့အတွက် လက်ရှိမြေနေရာကို ပြည်နယ်ဝန်ကြီးချုပ်ထံ အလှူခံတောင်းဆိုခဲ့တယ်လို့ ပြည်နယ်သာသနာရေးမှူးက ဆိုပါတယ်။
မြို့မဘောလုံးကွင်းမြေနေရာကို ၂၀၀၀ ခုနှစ်က မြဌေးကြွယ်လင်း ကုမ္ပဏီကို နှစ် ၉၀ ဂရန်နဲ့ လုပ်ကိုင်ချထားပေးခဲ့ရာက ထပ်မံပြီး အဆင့်ဆင့်ရောင်းချခဲ့ရာ ငွေမိုးကုမ္ပဏီက ၂၀၁၃ ခုနှစ်မှာ ဟိုတယ်တည်ဆောက်ဖို့ နောက်ဆုံးဝယ်ယူခဲ့ပြီး အဆောက်အဦတည်ဆောက်နေစဉ်မှာ မြို့ခံပြည်သူတွေက မြေနေရာရရှိရေးတောင်းဆိုခဲ့တဲ့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းပြီး ပြည်နယ်အစိုးရထံကို ပြန်လည်လွှဲပြောင်းပေးခဲ့တာပါ။
ရဲမင်းခေါင်